မိုင်းယောင်းမြို့ မုန်းလိုက်ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

မိုင်းယောင်း ဇူလိုင် ၆

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမြတ်သူသည် ယမန်နေ့က မုန်းလိုက်ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းဆောင်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဖွဲ့ဝင်(၁) ဗိုလ်မှူးဇော်နိုင်လင်း၊ အဖွဲ့ဝင်(၂) ဦးစိုင်းဘွန်းစီ၊ အတွင်းရေးမှူး ရဲမှူးမျိုးမြင့်ဦး၊ မြို့နယ်နတလဦးစီးမှူး ဦးအောင်စိုး၊ မြို့နယ်စီမံကိန်းဦးစီးမှူး ဒေါ်နန်းဆေးယျ၊ မြို့နယ်ပညာရေးမှူး ဒေါ်နန်းမြင့်သိန်းနှင့် တာဝန်ရှိသူများလိုက်ပါ၍ စစ်ဆေးရေးဂိတ် တာဝန်ကျများမှ ခရီးသွားပြည်သူများအား နေထိုင်ရာအရပ်နှင့် ခရီးသွားလာမှုရာဇဝင် စိစစ်ခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော အမိန့်ညွှန်ကြားချက်များအား လိုက်နာစေရေး အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး တာဝန်ကျများအတွက် ထောက်ပံ့ငွေ၊ အချိုရည်နှင့် မုန့်များကို ပေးအပ်ခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့သည် အမက(ပါဟုတ်)ကျောင်းနှင့် အမက(ကော့ခွယ်)ကျောင်းသို့ သွားရောက်ပြီး ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုများ ကြည့်ရှုအားပေးကာ လုံခြုံရေး၊ သင်ကြားရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာများကို သက်ဆိုင်ရာတာဝန်ခံကျောင်းအုပ်နှင့် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း