ငါန်းဇွန် ဇူလိုင် ၆
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အမှတ်(၂)ရပ်ကွက်မှ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့သူနှင့် ထိစပ်သူ Stric Home Quarantine ထားရှိသည့်(၆)ဦးအား ယမန်နေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်အချိန်က မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ သွားရောက်၍ (RDT)ဖြင့် စစ်ဆေးရာ အမျိုးသမီး(၅၀နှစ်)တစ်ဦးမှာ ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိကြောင်း သိရသည်။
ထို့နောက် အနံ့မရရှိသဖြင့် ငါန်းဇွန်မြို့နယ် ပြည်သူ့ဆေးရုံသို့ လာရောက်ပြသသော အမှတ်(၁)ရပ်ကွက်မှ အမျိုးသမီး(၄၅နှစ်)တစ်ဦးနှင့် ကျောက်တလုံးကျေးရွာမှ အမျိုးသမီး(၃၅နှစ်) တစ်ဦးအား (RDT)ဖြင့် စစ်ဆေးရာ ၎င်းတို့နှစ်ဦးမှာလည်း ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိသူ အမျိုးသမီး(၃)ဦးအား ငါန်းဇွန်မြို့နယ် ပြည်သူ့ဆေးရုံ သံဃာဆောင်တွင် Hospital Quarantine ထားရှိပြီး ၎င်းတို့နှင့် ထိတွေ့ဆက်စပ်သူ (၄၅)ဦးအား Strict Home Quarantine ထားရှိသွားမည် ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ငါန်းဇွန်မြို့နယ် မြို့သာကျေးရွာအုပ်စု မြို့သာအရှေ့ကျေးရွာမှ အမျိုးသမီး(၆၄နှစ်) တစ်ဦးသည် ဇူလိုင်လ ၃ ရက်နေ့က မြို့နယ်ပြည်သူ့ဆေးရုံသို့ သွေးတိုး/ဆီးချိုရောဂါဖြင့် တက်ရောက် ဆေးကုသမှု ခံယူလျက်ရှိရာ ယမန်နေ့ ညနေ ၄ နာရီအချိန်က အောက်စီဂျင် Level ကျဆင်းမှုကြောင့် (RDT) ဖြင့်စစ်ဆေးရာ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိ၍ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းခဲ့ပြီး အဆိုပါလူနာစောင့် အမျိုးသား(၄)ဦးနှင့် အမျိုးသမီးတစ်ဦးကိုလည်း (RDT)ဖြင့် စစ်ဆေးရာ (Negative) အဖြေထွက်ရှိ ခဲ့ကြောင်းနှင့် Strict Home Quarantine ထားရှိသွားမည် ဖြစ်ကြောင်း သိရသည်။
ယနေ့အထိ ငါန်းဇွန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိသူ အမျိုးသား(၃)ဦးနှင့် အမျိုးသမီး(၆)ဦး စုစုပေါင်း(၉)ဦးရှိပြီဖြစ်ရာ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာ(၁)ဦးမှာ မန္တလေးပြည်သူ့ဆေးရုံကြီးနှင့် (၈)ဦးမှာ ငါန်းဇွန်မြို့နယ်ပြည်သူ့ဆေးရုံ သံဃာဆောင် တွင် ကျန်းမာရေးစောင့်ရှောက်မှု ခံယူလျက် ရှိကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)