မြိတ် ဇူလိုင် ၆
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြိတ်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာနတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေး အသိပညာပေး Talk Show အစီအစဉ်ကို ဇူလိုင်လ(၆)ရက် နံနက် (၁၀)နာရီက လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ရိုက်ကူးခဲ့ ကြသည်။
“ မြန်မာနိုင်ငံအနေနဲ့ အမျိုးသမီးများ အကြမ်းဖက်ခံရမှုတွင် တိုင်တန်းသောအမှု Reported Case များပေါ်တွင် အခြေခံပါက နည်းနေသည်ကို တွေ့ရှိရပါတယ်။ အကြမ်းဖက်ခံရသည်ကို သိရှိသော်လည်း အရှက်တရား ကြီးမားသည့်အတွက် ကာဣန္ဒြေစော်ကားခံရတဲ့ကိစ္စမျိုးတွင် ထုတ်မပြောရဲခြင်း၊ အကြမ်းဖက်ခံရမှုကို မည်သည့် နေရာသို့ အကူအညီတောင်းရမှန်းမသိခြင်း၊ လူမှုဆက်ဆံရေးတွင် အမျိုးသားများနှင့် အမျိုးသမီးများအားလုံးကို စည်းရုံးသိမ်းသွင်းမှသာ နည်းမျိုးစုံဖြင့် အကြမ်းဖက်ခြင်းဖြစ်ရပ်များ လျော့နည်းစေနိုင်မှာဖြစ်ပါသဖြင့် တင်ဆက်ရ ခြင်းဖြစ်ပါတယ်” ဟု ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြိတ်ခရိုင် ဦးစီးအရာရှိ ဒေါ်မေသန္တာအောင် က အသိပညာပေးအစီအစဉ် ရိုက်ကူးရသည့်ရသည့် ရည်ရွယ်ချက်ကို ပြောကြားသည်။
ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်နီနီဝင်းက အကြမ်းဖက်မှုဖြစ်ရသည့် အကြောင်းအရင်း၊ အကြမ်းဖက်မှု(၅)မျိုး၊ အကြမ်းဖက်မှုတားဆီးကာကွယ်ရန် နိုင်ငံတော်အဆင့်အကောင်အထည် ဖော်ဆောင်ရွက်မှု ကြိုတင်ကာကွယ်ရေး၊ ကြိုတင်ကာကွယ်ရေးလုပ်ငန်း၊ ရပ်ရွာအခြေပြုစောင့်ရှောက်ရေး လုပ်ငန်း၊ လူမှုရေးဖြစ်ရပ်စီမံခန့်ခွဲမှုစနစ်၊ မြို့နယ်အမျိုးသမီးကော်မတီနှင့် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းဖြေရှင်းခြင်း၊ ချိတ်ဆက် ညွှန်းပို့ခြင်း၊ သင်တန်းကျောင်းအခြေပြု စောင့်ရှောက်ခြင်းနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ဆောင်မှုပေးနေသည့် အခြေအနေများကို အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
မြန်မာနိုင်ငံ၏ လူဦးရေတဝက်ကျော်ကို ကိုယ်စားပြုသည့် အမျိုးသမီးများအတွက် Gender Base Violience (ကျား/မလူမှုရေးရာ အခြေပြုပြီးအကြမ်းဖက်ခြင်း) နှင့်ပတ်သက်ပြီး အထူးသဖြင့် အကြမ်းဖက်ခံရသည့် အမျိုးသမီးငယ်ရွယ်မိန်းကလေး၊ အမျိုးသမီးများ အကြမ်းဖက်မခံရအောင် ကြိုတင်ကာကွယ်ရေး အသိပညာပေး ခြင်းများ၊ ကာကွယ်စောင့်ရှောက်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ( ကျား/မ လူမှုရေးရာအကြမ်းဖက် ခြင်း) ဆိုသည်မှာ လူတစ်ဦးတစ်ယောက်(သို့)ယောက်ျား၊ မိန်းမဖြစ်တယ်ဆိုတာကို အခြေခံပြီး ထိုသူရဲ့စိတ်၊ ဆန္ဒမပါဘဲ ထိုသူ၏ခန္ဓာကိုယ်ပိုင်းကိုဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာကိုဖြစ်စေ၊ သူ့ဘဝရပ်တည်နေထိုင်မှု၊ ဖွံ့ဖြိုးတိုးတက် မှုတို့ကို ထိခိုက်နာကျင်အောင် ပြုလုပ်သော အပြုအမူများကို အကြမ်းဖက်ခြင်းလို့ခေါ်ဆိုကြောင်း လူမှုဝန်ထမ်း ဦးစီးဌာနမှ သိရသည်။
ခိုင်ထူး