တောင်ကြီး ဇူလိုင် ၆
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ် COVID-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် တောင်ကြီးမြို့၊ သစ်တောရပ်ကွက် ရုံးကြီးလမ်းဘေးရှိ ယခင်ရှမ်းပြည်နယ်အစိုးအရအဖွဲ့ရုံး(အဟောင်း)၌ ယမန်နေ့ နံနက် ၁၀ နာရီက တောင်ကြီးမြို့နယ် COVID -၁၉ ရောဂါ (RDT) နှာခေါင်းတို့ဖတ် စစ်ဆေးရေးဌာနအား ဖွင့်လှစ်ကြောင်းသိရသည်။အဆိုပါ (RDT) နှာခေါင်းတို့ဖတ် စစ်ဆေးရေးဌာနတွင် လက်တလောအနံ့ပျောက်ဆုံးနေသူများ၊ ဖျားနေသူများ၊ ခေါင်းကိုက်နေသူများ၊ ချောင်းဆိုးနေသူများ၊ ကိုယ်လက်နာကျင်ကိုက်ခဲနေသူများ၊ လည်ချောင်းနာသူများ၊ အသက်ရှူကြပ်နေခြင်း/အသက်ရှူရခက်နေသူများ၊ အရသာပျောက်ဆုံးနေသူများနှင့် နှာချေနေသူများ သံသယရှိ စစ်ဆေးလိုသူများ လာရောက်စစ်ဆေးခံနိုင်မည်ဖြစ်ပြီး လာရောက်စစ်ဆေးသူ (၁)ဦးလျှင် ၁၀၀၀ဝိ/- နှုန်းဖြင့် နေ့စဉ် (၉)နာရီမှ ညနေ (၄) နာရီ အချိန်ထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ တစ်ရက်လျှင် စစ်ဆေးပေးနိုင်မည့် လူဦးရေကန့်သတ်ထားခြင်းမရှိကြောင်း၊ (RDT) နှာခေါင်းတို့ဖတ် စစ်ဆေးရေးဌာနတွင် COVID-၁၉ ပိုးတွေ့ရှိသူများအား တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံ၌ ဖွင့်လှစ်ထားသော Quarantine Center တွင်ထားရှိကာ ဆေးကုသပေးသွားမည်ဖြစ်ကြောင်း တောင်ကြီးမြို့နယ် ဒုတိယအထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုင်းကျော်ထွန်းက ပြောသည်။
အဆိုပါ (RDT) နှာခေါင်းတို့ဖတ် စစ်ဆေးရေးဌာနတွင် တောင်ကြီးမြို့နယ်အတွင်းရှိ လာရောက် စစ်ဆေးသူ (၄၃) ဦး ရှိသည့်အနက် ယမန်နေ့တွင် Covid - ၁၉ ရောဂါ Positive တွေ့ရှိသူ လူနာ (၉) ဦး ဖြစ်ကြောင်းနှင့် စဝ်စံထွန်း သီးသန့်ဆောင်သို့ပို့ဆောင်၍ ဆေးကုသမှုခံမှုခံယူနိုင်ရန် ဆောင်ရွက်ထားကြောင်း သိရှိရသည်။
မောင်မောင်သန်း (တောင်ကြီး)