ပြင်ဦးလွင် ဇူလိုင် ၆
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ယနေ့နံနက်ပိုင်းမှစတင်ပြီး မြို့နယ်အတွင်းရှိ လူစည်ကားရာ နေရာများတွင် တာဝန်ရှိသူများနှင့် ဒေသခံ ပြည်သူများ ပူးပေါင်းကာ အသိပညာပေး လုပ်ငန်းများကို လှည့်လည် ဆောင်ရွက် လျက်ရှိသည်။
အဆိုပါ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်အတွင်းရှိ ပြည်သူများ မည်သူမဆို လုံလောက်သော အကြောင်းပြချက်မရှိပဲ နေ့စဉ် ည ၁၀ နာရီမှ နံနက် ၄ နာရီအချိန်အထိ ပြင်ပသို့ လုံး၀(လုံး၀) ထွက်ခွာခြင်းမပြု၊ ကုန်စည်စီးဆင်းမှုအတွက် သွားရောက်နေရသည့် ယာဉ်/လူပုဂ္ဂိုလ်များသည် သက်ဆိုင်ရာ ဌာနများမှ စိစစ်ခွင့်ပြုချက်ဖြင့် သတ်မှတ်နေရာများ၌ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်သွားရန်၊ ပြည်သူများအနေဖြင့် နေ့ခင်းဘက်တွင်လည်း မဖြစ်မနေ ပြင်ပသို့သွားလာရန် ကိစ္စရှိပါက အိမ်ထောင်စု တစ်စုလျှင် လူ(၁)ဦးတည်းသာ ထွက်ရန်နှင့် နှာခေါင်းစည်းမတပ်ဘဲ အပြင်သို့ ထွက်ခွာခြင်း လုံးဝ(လုံးဝ)မပြုလုပ်ရန်၊ ဈေးအသီးသီးရှိ ဈေးရောင်း၊ ဈေးဝယ်၊ လုပ်သားများနှင့် ပြည်သူများ အားလုံး နှာခေါင်းစည်းများ တပ်ဆင်ပြီးမှသာ ဈေးရောင်း၊ ဈေးဝယ် ပြုလုပ်ရန်နှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့၏ အချိန်နှင့်တပြေးညီ ထုတ်ပြန်ထားသည့် သတိပေးချက်များအား တိကျစွာလိုက်နာ ဆောင်ရွက်ရန် စသည့် အချက်များအား ပြည်သူများ သိရှိလိုက်နာစေရန် ကျန်းမာရေး အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ခရိုင် (ပြန်/ဆက်)