လင်းခေး ဇူလိုင် ၆
ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးမြို့နယ်အတွင်းရှိ ပြည်သူများ လတ်တလော ဖြစ်ပေါ်လျက်ရှိသည့် ကူးစက်မြန်COVID-19ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပွားနိုင်စေရေးအား ရည်ရွယ်လျက် လင်းခေးမြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့ပူးပေါင်း၍ ယနေ့ နံနက်၇နာရီက မြို့မမီးပွိုင့်လမ်းဆုံ၌ နှာခေါင်းစည်းအခမဲ့ဖြန့်ဝေပေးခြင်း (Mask Campaign)နှင့် ၎င်းရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း လုပ်ငန်းကို အရှိန်အဟုန်မပျက် ဆက်လက် ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ Campaignကို လင်းခေးမြို့ ၊မြို့မလေးလမ်းခွ(မီးပွိုင့်လမ်းဆုံ)အတွင်း ဖြတ်သန်းသွားလာလှုပ်ရှားလျက်ရှိသော အများပြည်သူတို့အား နှာခေါင်းစည်း တပ်ဆင်ထားခြင်း မရှိသူများနှင့် စနစ်တကျ တပ်ဆင်နိုင်ကြရေးစသည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာမှ ချမှတ်ပေးထားသော စည်းကမ်းချက်များနှင့် အညီ တိတိကျကျလိုက်နာဆောင်ရွက်သွားကြစေရေး အသိပညာပေးဟောပြောခြင်း၊ ချက်ချင်း တပ်ဆင်ခြင်း၊ ဟောင်းနွမ်းသော နှာခေါင်းစည်းများအား အသစ်လဲလှယ်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
ယနေ့သွားလာလှုပ်ရှားခဲ့ကြသူ ပြည်သူများအတွက် တာဝန်ရှိသူများက နှာခေါင်းစည်း (၁၀၀၀) အခမဲ့ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း မြို့နယ်ကုသရေးနှင့်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
စိုင်းဇော်လတ်(လင်းခေး)