မြိတ်မြို့တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် Mask မတပ်ဆင်ဘဲ သွားလာသည့် လမ်းသွားလာပြည်သူများအား ရှောင်တခင်စစ်ဆေး အရေးယူ

 

မြိတ်   ဇူလိုင်  ၆

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်း (Mask) မတပ်ဆင်ဘဲ လမ်းသွားလာ ပြည်သူများအား ဇူလိုင်(၆)ရက် နံနက်ပိုင်းတွင် မြစ်ငယ် ရပ်ကွက်ရှိ ဗိုလ်ချုပ်ကြေးရုပ်အရှေ့တွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ရှောင်တခင်စစ်ဆေးလျက်ရှိသည်။

“ ကိုဗစ်-၁၉နဲ့ပတ်သက်လို့ တတိယလှိုင်းမှာ မြိတ်မြို့နယ်အတွင်း  ပိုးတွေ့တဲ့ရာခိုင်နှုန်းက စိမ့်လာတယ်။ ပြည်သူများအနေနဲ့ နှာခေါင်းစည်းတပ်ဆင်မှု အားနည်းတာတွေ့ရတော့ မြို့နယ်အနေနဲ့ အလေးထားကြပ်မတ်  ဆောင်ရွက်တာပါ။ ယခင်က ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် Mask Campaign ဆောင်ရွက်ပြီး တပ်ဆင်မှု ရှိအောင် Mask တွေဝေတာထိရောက်မှုမရှိဘဲ ဝေတဲ့အချိန်မှာ ဘဲတပ်ဆင်ကြတယ်။ Mask တပ်ဆင်သွားတာ တိုးတက်မှုမရှိတဲ့အတွက် ရှောင်တခင်စစ်ဆေးအရေးယူမှုတွေ ဆောင်ရွက်တာပါ” ဟု မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ |ဥက္ကဋ္ဌဦးကျော်စွာမင်းက ပြောသည်။

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရှောင်တခင်စစ်ဆေးအရေးယူခြင်းကို နေ့စဉ်စစ်ဆေး ဆောင်ရွက် သွားမည်ဖြစ်ပြီး သတ်မှတ်နေရာ(၁၀)နေရာတွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ရှောင်တခင်သွားရောက် စစ်ဆေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ရှောင်တခင်စစ်ဆေးရာတွင် နှာခေါင်းစည်း (Mask) မတပ်ဆင်ဘဲ သွားလာသူများကို ပထမအကြိမ်အနေနဲ့ ဒဏ်ကြေးငွေ(၂၀၀၀)ကျပ် ဖြင့် အရေးယူ၍ နှာခေါင်းစည်း(၅)ခု ပေးဝေလျက်ရှိကြောင်း သိရသည်။

“ ကိုဗစ်-၁၉ရောဂါက ကိုယ်တစ်ယောက်တည်းခံရတဲ့ရောဂါမဟုတ်ပါဘူး။ ကူးစက်ရောဂါဖြစ်တဲ့အတွက်ကြောင့် ကိုယ်ရဲ့နေထိုင်ဆင်ခြင်နိုင်မှုနဲ့ မိသားစုနှင့် ပတ်ဝန်းကျင်ကို အကျိုးသက်ရောက်တယ်။ အန္တရာယ်ပြုနိုင် တာဖြစ်တဲ့အတွက် အလွယ်ကူဆုံးကာကွယ်နိုင်တဲ့နည်းလမ်းက ဘယ်နေရာသွားသွား နှာခေါင်းစည်း (Mask) တပ် ဆင်သွားလာပေးကြခြင်းအားဖြင့် အတိုင်းအတာတစ်ခုထိလျော့ချနိုင်မှာဖြစ်တဲ့အတွက် Mask ကို မဖြစ်မနေတပ် ဆင်သွားလာပေးကြပါ” ဟု မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဖြည့်စွက်ပြောကြားသည်။

 မြိတ်မြို့တွင် ကိုဗစ်-၁၉ ကူးစက်မှု  ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို  ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်များ၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ၏ စည်းကမ်းသတ်မှတ်ချက်များဖြင့် ကြပ်မတ်ခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း၊  လက်ရှိအချိန်တွင် မြိတ်ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာ(၅၅) ဦးရှိနေပြီး  ဆေးကုသမှုခံ ယူလျက်ရှိကြ ကြောင်း၊ မြိတ် ပြည်သူ့ဆေးရုံတွင် မေလ(၂၃)ရက်မှဇွန်လ(၅)ရက်နေ့အထိ ရောဂါပိုးတွေ့ရှိသူ(၁၂၉)ဦးရှိခဲ့ပြီး ဆေးရုံမှပြန်ဆင်းသူ (၇၄)ဦးရှိ၍ သေဆုံးသူ(၄)ဦးရှိခဲ့ကြောင်း ပြည်သူ့ဆေးရုံမှ သိရသည်။

ခိုင်ထူး