မိုင်းယုမြို့၌ ရာသီပေါ် ကြာခွက်များ ခူးဆွတ်ရောင်းချ

မိုင်းယု ဇူလိုင် ၇

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့ရှိ ကျေးလက်နေ တောင်သူများ မိမိတို့ အိမ်ခြံဝင်းအနီး ရေကန်များ၌ တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားသည့် ရာသီပေါ် ကြာခွက်များ ခူးဆွတ်ရောင်းချရာ မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြသည်။

ကြာပွင့်များမှာ မျိုးကိုလိုက်၍ အဖြူ၊ အဝါ၊ အပြာ၊ အညို စသည်ဖြင့် အရောင်အမျိုးမျိုး ရှိသော်လည်း မိုင်းယုဒေသတွင် ကြာအဖြူရောင်တစ်မျိုးသာ တောင်သူတို့၏ အိမ်ခြံဝင်း နောက်ဖေး ရေကန်အတွင်း၌ လည်းကောင်း၊ တောင်ယာတို့တွင်လည်းကောင်း ကြာကန် တစ်ကန် စနှစ်ကန်စဖြင့် အနည်းအကျဉ်းစီသာ စိုက်ပျိုးထားကြကြောင်း၊ ကြာပင်များအပြင် အဆိုပါ ကန်အတွင်း၌ ငါးမျိုးစုံ အနည်းငယ်စီကိုလည်း မွေးမြူထားလျက်ရှိကြောင်း၊ ယခုအခါ မိုးရာသီ၌ ကြာပင်များမှ ပွင့်၍ရင့်မှည့်လာသည့် ကြာခွက်များကို ကြာခွက် အကြီးအသေးပေါ်မူတည်၍ ငါးခွက်မှ ခြောက်ခွက်ပါ ကြာခွက်တစ်စီးလျင် ကျပ်ငွေငါးရာဖြင့် ဒေသတွင် မိသားစုအပိုဝင်ငွေရရှိရန် လှည့်လည်ရောင်းချရကြောင်း ကြာခွက်ရောင်းချသူက ပြောကြားခဲ့သည်။

ကြာပင်သည် ရေကန်၊ အင်းအိုင်များတွင် လည်းကောင်း၊ ချောင်းရိုး၊ ကမ်းစပ်များတွင် လည်းကောင်း ပေါက်ရောက်ကြပြီး အမြစ်များမှာ ပွ၍ ရွံ့ညွန်များကို ကုပ်တွယ်ထားကာ ကြာရွက်ဝိုင်းများသည် ရေပေါ်တွင် အမြဲ ပေါ်လျက်ရှိကြောင်း၊ ပွင့်ညှာတစ်ခုအဖျားတွင် များသောအားဖြင့် ကြာပွင့်တစ်ပွင့်သာ ပွင့်ပြီး ကြာပွင့်သည် ရက်ပေါင်း သုံးရက်လောက်သာခံကြောင်း၊ သုံးရက်မှ လွန်လျှင် ညှိုးနွမ်းသွားကာ ကြာပွင့်မှ ပွင့်ဖတ်နှင့် ပွင့်ချပ်များ တဖြည်းဖြည်း ကြွေကျပြီးနောက်တွင် ချိုးယူစားသုံးနိုင်သည့် ကြာခွက်သို့ ရောက်ရှိလာကာ ယင်းကြာခွက်ထဲမှ ကြာစေ့များကို တွေ့ရှိနိုင်ပြီး အဆိုပါ ကြာခွက်များကို လူကြီးများထက် ကလေးသူငယ်များက သရေစာအဖြစ် အများဆုံးကြိုက်နှစ်သက်စွာ စားသုံးတတ်ကြကြောင်း သိရသည်။

ကိုကိုနိုင်(မိုင်းယု)