မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူ သုံးဦးတွေ့ရှိ

 

မိုင်းယောင်း ဇူလိုင် ၆

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါပိုးရှိသူ သုံးဦး စစ်ဆေးတွေ့ရှိခဲ့ကြောင်း မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

တာချီလိတ်သို့ သွားရောက်အလုပ်လုပ်ကိုင်နေသော ဝမ်လျန့်ရွာမှ အမျိုးသမီးတစ်ဦးသည် ဇွန် ၂၉ ရက်တွင် လည်းကောင်း၊ အမှတ်(၂)ရပ်ကွက်မှ အမျိုးသမီးတစ်ဦးသည် ဇူလိုင် ၃ ရက်တွင် လည်းကောင်း တာချီလိတ်မှ မိုင်းယောင်းသို့ အသီးသီး ပြန်လည်ရောက်ရှိလာကြပြီး နေအိမ်တွင် Home Quarantine  ထားရှိစဉ် ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ RDT Test Kit ဖြင့် စစ်ဆေးရာမှ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခြင်းဖြစ်ပြီး ၎င်းတို့နှင့် ထိတွေ့ဆက်စပ်သူများအား Home Quarantine  ထားရှိကာ ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးမှုပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အလားတူ တာချီလိတ်သို့ သွားရောက်အလုပ်လုပ်ကိုင်နေသော ယမ်းပုံးရွာမှ အမျိုးသမီးတစ်ဦးသည် ဇူလိုင် ၅ ရက်က တာချီလိတ်၌ ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ RDT Test Kit ဖြင့် စစ်ဆေးစဉ် ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးမှုအဖြေ အတည်ပြုနိုင်ခြင်းမရှိမီ တာချီလိတ်မှ မိုင်းယောင်းသို့ ပြန်လာနေစဉ် ရောဂါပိုးရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သဖြင့် ၎င်းအား မုန်းလိုက်ကျန်းမာရေးစစ်ဆေးဂိတ်မှ မိုင်းယောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ယာယီဆေးကုသဆောင်သို့ ပို့ဆောင်ပေးခဲ့ပြီး အဆိုပါမော်တော်ယာဉ်ဖြင့် လိုက်ပါလာသူ ခရီးသည် လေးဦးနှင့် ယာဉ်မောင်းတို့အား Home Quarantine  ထားရှိကာ ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးမှုပြုလုပ်သွားမည်ဖြစ်သည်။

ယခုအခါ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူ စုစုပေါင်း သုံးဦးရှိပြီး ၎င်းတို့အား မိုင်းယောင်းမြို့နယ် COVID-19 ရောဂါ ယာယီဆေးကုသဆောင်၌ ဆေးကုသမှုခံယူနေကြကာ ကျန်းမာရေးအခြေအနေ ကောင်းမွန်နေလျက်ရှိကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း