ချီဖွေ ဇူလိုင် ၆
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နေပြည်သူများ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေး အတွက် ကြိုတင်ကာကွယ်နှိမ်နှင်းရေး (ဖုံး၊ သွန်၊ လဲ၊ စစ်) လုပ်ငန်းများနှင့် အဘိတ်ဆေးခပ်ခြင်းများကို ယနေ့နံနက် ၁၁ နာရီအချိန်က မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ လူနေအိမ်များတွင် စုပေါင်း ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ချီဖွေမြို့နယ် မိခင်နှင့်ကလေး ကျန်းမာရေးဌာန သားဖွားဆရာမ ဒေါ်စီခေါင်နော ဦးဆောင်၍ ရပ်ကွက်စာရေးများ၊ မြို့နယ် မိခင်နှင့်ကလေး အမျိုးသမီးရေးရာအဖွဲ့များ၊ မြို့နယ်ကြက်ခြေနီ အသင်းခွဲ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်တို့က ပူးပေါင်း၍ သွေးလွန်တုပ်ကွေး ကာကွယ် နှိမ်နှင်းရေးလုပ်ငန်း (ဖုံး၊သွန်၊လဲ၊စစ်) သရုပ်ပြခြင်းများ၊ အဘိတ်ဆေးခပ်ခြင်းများ၊ သွေးလွန် တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ ကြိုတင် ကာကွယ်ရမည့် နည်းလမ်းများကို အသိပညာပေး ပြောကြား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပူးပေါင်းအဖွဲ့တို့သည် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများထံ မိုးရာသီ ကာလအတွင်း သွေးလွန်တုပ်ကွေး ကာကွယ်နှိမ်နှင်းရေး အဘိတ်ဆေးခပ်ခြင်း လုပ်ငန်းကို အဖွဲ့သုံးဖွဲ့ခွဲကာ ဇွန်လ နောက်ဆုံးပတ်မှ စတင်၍ လှည့်လည်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ချီဖွေ(မြို့နယ်(ပြန်/ဆက်)