ချီဖွေ ဇူလိုင် ၆
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ (၃.၅၀)ကျပ် သန်းဖြင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီ အချိန်တွင် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ချီဖွေမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းဇော်ထွေးက အဖွင့်အမှာစကား ပြောကြားပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလတ်ထွယ်အောင်က ကျေးလက်နေ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန် ဝင်ငွေရတစ်ပိုင်တစ်နိုင် အခြေခံအပ်ချုပ် စက်ဆိုင်များ ဖွင့်လှစ်ပြီး အိုးမကွာ၊ အိမ်မကွာ ကိုယ်ပိုင်လုပ်ငန်းငယ်များ ထူထောင်လာနိုင်ကာ မိသားစု ဝင်ငွေများ တိုးပွားလာစေရန်နှင့် တစ်ပိုင်တစ်နိုင် အသေးစားလက်မှု လုပ်ငန်းများ တိုးတက်ဖြစ်ပေါ်လာ စေရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ပြီး အခြေခံအပ်ချုပ်သင်တန်းတွင် သင်တန်းနည်းပြ ဒေါ်ရွယ်ပါမှ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စု သင်တန်းသူ(၁၅)ဦးကို က ကိုဗစ်-၁၉ သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ဇူလိုင်(၅) ရက်နေ့မှစတင်၍ ဇူလိုင်(၂၇)ရက်နေ့အထိ သင်တန်းကာလ(၂၀)ရက်ကြာ စာတွေ့၊ လက်တွေ့ သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးမှ သိရသည်။
ချီဖွေ(မြို့နယ်ပြန်/ဆက်)