ရန်ကုန် ဇူလိုင် ၅
ရန်ကုန်တိုင်းဒေသကြီး၊ စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုးနှင့် ကောင်စီအဖွဲ့ဝင်များ၊ အခမ်းအနား ကျင်းပရေး လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများမှ တာဝန်ရှိသူများသည် ယနေ့ နံနက် ၇ နာရီတွင် ဗဟန်းမြို့နယ် ၊ အာဇာနည်ဗိမာန်တွင် ၂၀၂၁ ခုနှစ်၊ (၇၄)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ကြိုတင်ပြင်ဆင်လေ့ကျင့်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီရုံး၊ အစည်းအဝေးခန်းမတွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုးနှင့်အဖွဲ့သည် အာဇာနည်ဗိမာန်တွင် ကျင်းပမည့် အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက်လာမည့် အာဇာနည် ပုဂ္ဂိုလ်ကြီးများ၏ မိသားစုများအား တွေ့ဆုံနှုတ်ဆက်မည့် နေရာပြင်ဆင် ဆောင်ရွက်ထားရှိမှုများနှင့် ဂုဏ်ပြုတပ်ဖွဲ့ဖြင့် လွမ်းသူပန်းခွေချ အလေးပြုအခမ်းအနား လေ့ကျင့်ပြနေမှုများကို ကြည့်ရှုစစ်ဆေး ခဲ့သည်။ ထို့နောက် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက တင်ပြချက်များအပေါ် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ အခမ်းအနား ကျင်းပရေး လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရုံး၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ရာ အခမ်းအနားကျင်းပရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက (၇၄) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကျင်းပရေး ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ ကျင်းပရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့်ဆပ်ကော်မတီများက ကြိုတင်ပြင်ဆင်ဆောင်ရွက် ပြီးစီး မှုများအား အနီးကပ်ကြီးကြပ် လမ်းညွှန်မှုပေးနိုင်ရန်နှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးနိုင်ရန် ညှိနှိုင်းအစည်း အဝေး ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အခမ်းအနားကျင်းပရေး လုပ်ငန်းကော်မတီ၊ အတွင်းရေးမှူး (မြို့တော်ဝန်) ဦးဗိုလ်ဌေးမှ ရှင်းလင်းဆွေးနွေးတင်ပြသည်။ ဆက်လက်၍ အခမ်းအနား ပြင်ဆင်ရေးနှင့် စီစဉ်ရေးဆပ်ကော်မတီ၊ ဖိတ်ကြားရေး၊ ပြန်ကြားရေးနှင့် မှတ်တမ်းပြုစုရေးဆပ် ကော်မတီ၊ လွမ်းသူ့ပန်းခွေချ အလေးပြု အခမ်းအနား စီစဉ်ရေးဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ၊ စည်းကမ်းထိန်း သိမ်းရေးဆပ်ကော်မတီ၊ ဆွမ်းဆက်ကပ်ရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီ၊ အတွင်းဝန်ရုံး (ယခင်ဝန်ကြီး များရုံး) အလံတင်အခမ်းအနား ကျင်းပရေးဆပ်ကော်မတီ၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ပြသရေး ဆပ်ကော်မတီတို့မှ အခမ်းအနားများ အောင်မြင်စွာ ကျင်းပနိုင်ရေး ကော်မတီအလိုက် လုပ်ငန်း ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ယင်းနောက် တက်ရောက်လာသူများက အထွေထွေဆွေးနွေးတင်ပြကြပြီး ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ ကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်နေကြသည့် ဆပ်ကော်မတီများမှ တာဝန်ရှိသူများသည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး လိုက်နာရမည့် စည်းကမ်းချက်များနှင့် လုံခြုံရေး ကိစ္စရပ်များကို အထူး အလေးအနက်ထား လိုက်နာဆောင်ရွက်ရန် နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။
ဆန်းကျော်ဦး