နမ့်ခမ်း ဇူလိုင် ၅
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားခြင်းမှ ကြိုတင်ကာကွယ်တားဆီးရေးအတွက် မိမိရပ်ကွက် အစီအစဉ်ဖြင့် ပိုးသတ်ဆေးဖြန်းခြင်း ဆောင်ရွက်လျှက်ရှိရာ ယနေ့နံနက် (၉)နာရီခွဲအချိန် က ပေါက်လုံရပ်ကွက်ရှိ လူငယ်များမှလည်း ရပ်ကွက်အတွင်း၌ ပိုးသတ်ဆေးဖြန်းခြင်း ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
နမ့်ခမ်းမြို့၊ ပေါက်လုံရပ်ကွက်မှ ပိုးသတ်ဆေးဖြန်းခြင်း ဆောင်ရွက်သည့် လူငယ်တစ်ဦးက "ယခု ကိုဗစ်-၁၉ ရောဂါ တစ်ကျော့ပြန်လည်ဖြစ်ပွားလာသဖြင့် မိမိရပ်ကွက်မှ တာဝန်ရှိသူများနှင့် ရပ်ကွက်လူငယ်များက မိမိအစီအစဉ် ရပ်ကွက်နေရာအနှံ့တွင် ပိုးသတ်ဆေးကို လိုက်လန်ပတ်ဖြန်းနေသည့်အပြင် ရပ်ကွက်တွင်းရှိပြည်သူများကိုလည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားခြင်းမှ ကြိုတင်ကာကွယ် တားဆီးရေးအကြောင်းများကို နှိုးဆော်အသိပေးခြင်း လုပ်ငန်းများ ဆောင်ရွက်နေပါတယ်။" ဟု ပြောပြသည်။ ဆက်လက်၍ "မြို့ပေါ်ရပ်ကွက်မှ အတော်များများက ပိုးသတ်ဆေးဖြန်းနေပါကြောင်းနှင့် အချို့ပြည်သူများကလည်း မိမိနေအိမ်နှင့် ပတ်ဝန်းကျင်၌ မိမိအစီအစဉ်နဲ့ ဖြန်းနေတာကို တွေ့မြင်ရပါတယ်။" ဟု ပြောကြားသည်။
နမ့်ခမ်းမြို့နယ်၌ ကုတင်(၁၀၀)ဆန့် ပြည်သူ့ဆေးရုံမှ သတင်းထုတ်ပြန်ချက်အရ မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိအတည်ပြုလူနာ (၉၂) ဦး ရှိပြီး ရောဂါပိုးတွေ့ရှိ လူနာများမှ သေဆုံးသူ (၂) ဦး ရှိကြောင်း သိရှိရသည်။ နမ့်ခမ်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီနှင့် မြို့နယ်အတွင်းရှိ လူမှုကူညီရေးအသင်းများဖြစ်သည့် မြို့နယ်စက်ဘီးစီးအသင်း (MNBG)နှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်း၍ (mask)များ အခမဲ့ပေးဝေခြင်း၊ ကိုဗစ်ရောဂါ ကြိုတင်ကာကွယ်ရေး ကျန်းမာရေး အသိပညာပေး အကြောင်းများ နှိုးဆော်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နေလျှက်ရှိကြောင်း သိရသည်။
ဆိုင်ထွန်း(ပြန်/ဆက်)