ပင်လုံ ဇူလိုင် ၅
ပင်လုံမြို့၊ ရပ်ကွက်(၁)တွင် နေထိုင်သူ အသက်(၃၄)နှစ်အရွယ် အမျိုးသားတစ်ဦးသည် ၂၆-၆-၂၀၂၁ ရက်နေ့မှ စတင်ဖျားနာခဲ့ပြီး ယနေ့နံနက်ပိုင်း က လွိုင်လင်မြို့နယ် ပြည်သူ့ဆေးရုံသို့ သွားရောက်ပြသခဲ့ရာ တာဝန်ရှိသူများက အဆိုပါအမျိုးသားတွင် ကိုဗစ်-၁၉ ရောဂါလက္ခဏာများ တွေ့ရှိရသဖြင့် RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၃၄)နှစ်အရွယ် အမျိုးသားနှင့် အတူနေမိသားစုဖြစ်သော အမျိုးသား(၂)ဦး၊ အမျိုးသမီး (၂)ဦး၊ ဆယ်လအရွယ်ကလေးငယ် ကျား(၁)ဦး စုစုပေါင်း(၅)ဦးတို့အား လွိုင်လင်မြို့နယ် ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူများက RDT Test Kit ဖြင့် စစ်ဆေးပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၃၄)နှစ် အရွယ်အမျိုးသားအား လွိုင်လင်မြို့နယ် အထွေထွေရောဂါကုဆေးရုံကြီး အထူးကြပ်မတ် ကုသဆောင်တွင် သီးသန့် ထားရှိ၍ ဆေးကုသပေးလျှက်ရှိကြောင်း လွိုင်လင်မြို့နယ် ကျန်းမာရေးအရာရှိ ဒေါက်တာ နေဦး ထံမှသိရသည်။ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ (၃၄)နှစ် အရွယ်အမျိုးသားသည် လားရှိုး-ပင်လုံ (ပတ္တမြားတောင်ယာဉ်လှိုင်း)မှ ယာဉ်မောင်းတစ်ဦးဖြစ်ပြီး လွန်ခဲ့သည့်(၁၆) ရက်ခန့်က လားရှိုးမြို့မှ ပင်လုံမြို့သို့ ပြန်လည်ရောက်ရှိလာသူဖြစ်ကြောင်း သိရသည်။
ပင်လုံ (ပြန်/ဆက်)