မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

မန္တလေး ဇူလိုင် ၅

၂၀၂၁ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်သော မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မန္တလေး၊ ချမ်းအေးသာစံ မြို့နယ်ရှိ မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးတွင် ကျင်းပသည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး၊ အမျိုးသမီးကော်မတီဥက္ကဋ္ဌ ဦးယဉ်ထွေးက ဇူလိုင်လ (၃)ရက်နေ့တွင် ကျရောက်သော မြန်မာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စေတနာ့ဝန်ထမ်း ပရဟိတအဖွဲ့အစည်းများအား ကိုဗစ်-၁၉ ကာကွယ်ရေး ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့သည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့မှ မြန်မာနိုင်ငံ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး ကြီးကြပ်မှုအောက်ရှိ အမျိုးသမီး ကျောင်းများမှ အမျိုးသမီးကလေးများအတွက် ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ပြီးနောက် မန္တလေးတိုင်းဒေသကြီး မြန်မာအမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်များအသင်းမှ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး ကြီးကြပ်မှု အောက်ရှိ ကလေးပြုစုရေးဌာနနှင့် အမျိုးသမီးကျောင်းများမှ ကလေးငယ်များအတွက် ထောက်ပံ့ရေး ပစ္စည်းများ ပေးအပ်ခဲ့သည်။

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး အမျိုးသမီးအားကစားဆပ်ကော်မတီမှ အမျိုးသမီး ကလေးများ သင်တန်းကျောင်းနှင့် အမျိုးသမီး သက်မွေး အတတ်ပညာ သင်တန်းကျောင်းသို့ အားကစား ပစ္စည်းများ ပေးအပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး၊ အမျိုးသမီးကော်မတီဥက္ကဋ္ဌ ဦးယဉ်ထွေးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊  စေတနာ့ ဝန်ထမ်းများ၊ ပရဟိတအဖွဲ့အစည်းများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထိပ်ထားနိုင်