လျှပ်စစ်ဓာတ်အားကို စျေးနှုန်းသက်သာစွာ သုံးစွဲနိုင်ရေးအတွက် ရှင်းလင်းဆွေးနွေး

ထားဝယ် ဇူလိုင် ၅

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ လျှပ်စစ်ဓာတ်အား သုံးစွဲပြည်သူများ လျှပ်စစ်ဓာတ်အားကို စျေးနှုန်းသက်သာစွာ သုံးစွဲနိုင်ရေး အတွက် ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီ ၃၀ အချိန်က ထားဝယ်မြို့၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင်က တိုင်းဒေသကြီး တွင် စျေးနှုန်းချိုသာသော လျှပ်စစ်ဓာတ်အားသုံးပြုခွင့်ရအောင် ဆောင်ရွက်ပေးမည်ဟု ကတိစကား ကြားရ သည့်အတွက် ဝမ်းသာစွာ ကြိုဆိုပါကြောင်း၊ PTTEPI ကုမ္ပဏီများအနေဖြင့် လျှပ်စစ် ဓာတ်အားနှင့် ပတ်သက်၍ ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြပေးစေလိုကြောင်း ပြောကြားသည်။

ထိုနောက် PTTEPI ကုမ္ပဏီမှ တာဝန်ရှိသူများက လျှပ်စစ်ဓာတ်အားနှင့် ပတ်သက်၍ ဆောင်ရွက်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြရာ တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပြီး တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ကျော်ကျော်လတ်