ပန်းခင်းစီမံချက်ဖြင့် ထန်းတပင်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာနေပြည်သူများအား အိမ်ထောင်စုလူဦး ရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေး

 

ထန်းတပင်(ရန်ကုန်) ဇူလိုင် ၅

မြန်မာနိုင်ငံသားများဖြစ်ကြသော တိုင်းရင်းသားများနှင့် ဥပဒေအရနိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေးအတွက် ရန်ကုန်မြောက် ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန မှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် မြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာနေ ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးခြင်းကို မေလ()ရက်နေ့မှ စတင်၍ မြို့နယ်အတွင်း ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိပြီး ဇူလိုင်လ(၅)ရက်နေ့အထိ အိမ်ထောင်စုလူဦးရေစာရင်း(၁၄၅၉)ခုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား(၁၃၇၂) ကတ်တို့ကို ပြုလုပ်ဆောင် ရွက်ပေးအပ်နိုင်ခဲ့ကြောင်း အဆိုပါဦးစီးဌာနမှူးရုံး မှသိရသည်။

ပန်းခင်းစီမံချက်နဲ့ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးဖို့အတွက် ဆိုပြီး သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာတွေမှာရှိတဲ့ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ချိတ်ဆက်ပြီးတော့ မြေပြင်ကွင်းဆင်းပြီးဆောင်ရွက်ပေးနေသလို ရုံးကိုခေါ်ယူပြီးတော့ ဆောင်ရွက်ပေးလျက်ရှိပါတယ် လက်ရှိအချိန်အထိကတော့ အိမ်ထောင်စုလူဦးရေစာရင်းက (၁၄၅၉)ခုနှင့် နိုင်ငံသားစိစစ်ရေးကတ်က (၁၃၇၂) ကတ်ကို ပြုလုပ်ဆောင်ရွက်ပေးအပ်ခဲ့ပြီး ဖြစ်ပါတယ် ဆောင်ရွက်ပေးဖို့ ကျန်ရှိနေသေးတဲ့ ကျေးရွာအုပ်စု တွေကို ဆက်လက်ပြီးတော့ ဆောင်ရွက်ပေးသွားမှာပါဟု ထန်းတပင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမျိုးကျော်သူက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းပြသည်။

ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ရာတွင်လည်း လက်ရှိဇာတိတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်းရှိကာ ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက် ပေးခြင်း၊ လက်ရှိဇာတိတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်းမရှိ ကိုင်ဆောင်လက်မှတ်မရှိသူ များအား ဆောင်ရွက်ပေးခြင်း၊ ရွေ့ပြောင်းနေထိုင်သူများအတွက်လည်း မူလဒေသတွင် အိမ်ထောင်စုလူဦးရေ စာရင်းရှိသော်လည်း လက်ရှိနေထိုင်ရာဒေသတွင် ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိ၊ လက်ရှိဒေသတွင်လည်း အိမ်ထောင်စုလူဦးရေစာရင်းနှင့်ကိုင်ဆောင်လက်မှတ်မရှိသူများကို ဆောင်ရွက်ပေး ခြင်းဖြစ်ကြောင်း သိရသည်။

ဇင်မင်းထိုက်