ပုလော ဇူလိုင် ၅
တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့တွင် ၂၀၂၀ပြည့်နှစ်၌ သာသနဓဇဓမ္မာစရိယ စာမေးပွဲတွင် ဖြေဆိုအောင်မြင်တော်မူကြသော မြို့နယ်ဂုဏ်ဆောင် သံဃာတော်အရှင်သူမြတ်(၁၃)ပါးအား ဂုဏ်ပြုပူဇော်ပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်ခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ဂုဏ်ဆောင် သံဃာတော်အရှင်သူမြတ်(၁၃)ပါးနှင့် ဆရာတော်သံဃာတော် အရှင်သူမြတ်များအား လယ်ဝိုင်းကျောင်းတိုက်၌ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပြီး သာသနဓဇဓမ္မာစရိယ အောင်မြင်တော်မူကြသော ပုလောမြို့နယ်ဂုဏ်ဆောင် သံဃာတော် အရှင်သူမြတ်(၁၃)ပါးအား တပည့်ဒယကာဒယိကာမများနှင့် ဂုဏ်ပြုပူဇော်ပွဲကျင်းပရေးအဖွဲ့မှ လယ်ဝိုင်းကျောင်းတိုက်မှ မြို့နယ်ခန်းမသို့ ပင့်ဆောင်ခဲ့ကြသည်။
ဂုဏ်ပြုပူဇော်ပွဲကို ဆရာတော်သံဃာတော် အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ် အပေါင်းတို့က နမောတဿ(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ကြပြီး ဧည့်ပရိတ်သတ်အပေါင်းတို့က မြို့နယ်သံဃာ့နာယကအဖွဲ့ ဩဝါဒစရိယ ဘဒ္ဒန္တအဂ္ဂဉာဏ မော်သာယာကျောင်းတိုက် ဆရာတော်ထံမှ သြဝါဒကထာနှင့် နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် ဘဒ္ဒန္တဝါယမ အရှေ့ကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။
ဆက်လက်၍ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာအရှင်ကောဝိဒ လယ်ဝိုင်းကျောင်းတိုက် ဆရာတော် က ပူဇော်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းမိန့်ကြားပြီး ဆရာတော် သံဃာတော် အရှင်သူမြတ်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ ဦးခင်မောင်စိုးနှင့် တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ထိုနောက် သာသနဓဇဓမ္မာစရိယ အောင်မြင်တော်မူသော သံဃာတော်အရှင်သူမြတ်(၁၃)ပါး၏ အတ္ထုပ္ပတ္တိ အကျဉ်းအား လယ်ဝိုင်းဆရာတော်က ဖတ်ကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ ဦးခင်မောင်စိုးနှင့် တာဝန်ရှိသူများက သင်္ကန်းနှင့်လှူဒါန်းပစ္စည်း၊ ထပ်ဆင့်ဂုဏ်ပြုလွှာများ ဆက်ကပ်လှူဒါန်းကြ၍ စေတနာရှင်အလှူရှင် များက ဂုဏ်ပြုဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းကြသည်။
သာသနဓဇဓမ္မာစရိယ အောင်မြင်တော်မူသော သံဃာတော်များအား ထပ်ဆင့်ဂုဏ်ပြုလွှာများ ဆက်ကပ်လှူဒါန်းပြီးနောက် နိုင်ငံတော်ရွှေတံဆိပ်ဆုရှင် မြိတ်မြို့မှ မချစ်ဟန်နီဇော်က မင်္ဂလာပိုဒ်စုံရတုဖြင့် ဓမ္မပူဇာတေးဖြင့်ပူဇော်ပြီး ပုလောမြို့နယ်မှ အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲ အောင်မြင်ကြသူများအား တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြသည်။
ထို့နောက် သာသနဓဇဓမ္မာစရိယ အောင်မြင်တော်မူကြသော မြို့နယ်ဂုဏ်ဆောင် သံဃာတော် အရှင် သူမြတ်(၁၃)ပါး ဂုဏ်ပြုပူဇော်ပွဲတွင် လှူဒါန်းမှုအစုစုကို ဧည့်ပရိတ်သတ်အပေါင်းတို့က မြို့နယ်သံဃာ့နာယကအဖွဲ့ဉက္ကဌ ဘဒ္ဒန္တဝိစိတ္တ ရှပ်ပုံကျောင်းတိုက် အရှင်သူမြတ်ထံမှ အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြ၍ အခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဌတု (၃)ကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
ခိုင်ထူး