တနင်္သာရီမြို့နယ်အတွင်း စားသောက်ဆိုင်နှင့် လက္ဘက်ရည်ဆိုင်များအား ပါဆယ်စနစ်ဖြင့် ပြန်လည် ရောင်းချ

တနင်္သာရီ ဇူလိုင် ၅

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်မြန် တတိယလှိုင်း မျိုးရိုးဗီဇပြောင်းလဲသော ရောဂါကူးစက် ဝင်ရောက်ပျံ့နှံ့မှုမှ ရောဂါထိန်းချုပ်ခြင်း၊ ကာကွယ်ခြင်း လုပ်ငန်းများကို ပိုမိုထိရောက်စွာ ကြပ်မတ်ဆောင်ရွက်နိုင်ရန်အတွက် ယခင်က ဆိုင်ထိုင်စနစ်ဖြင့် နေ့စဉ် ဖွင့်လှစ်ရောင်းချနေသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်များအား ယနေ့ နံနက်ပိုင်းမှ၍ ပါဆယ် စနစ်ဖြင့်သာ ဖွင့်လှစ်ရောင်းချခွင့်ပြုမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရှိရသည်။

၎င်းပါဆယ်စနစ်ဖြင့်သာ ပြန်လည်ဖွင့်လှစ်ရောင်းချရန် တနင်္သာရီမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ဇူလိုင်လ ၄ ရက်နေ့ ရက်စွဲပါ အကြောင်းကြားသည့်စာအား မြို့ပေါ်ရပ်ကွက်ဖြစ်သော ချောင်းကြီး ရပ်ကွက်နှင့် ချောင်းငယ်ရပ်ကွက်အတွင်းရှိ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်(၅၅)ဆိုင်တို့ထံ မြို့နယ်အမှုဆောင်အရာရှိ ဦးကျော်စိုးအောင်၊ ဈေးခေါင်းနှင့် ဝန်ထမ်းများက လိုက်လံပေးပို့ကာ လူစုလူဝေးမဖြစ်စေရေးနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များအတိုင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် သက်ဆိုင်သော အသိပညာပေး ပိုစတာများ ချိတ်ဆွဲရန်၊ ဆိုင်ရှိဝန်ထမ်းအားလုံး နှာခေါင်းစည်း Mask နှင့် လက်အိပ်များ ဝတ်ဆင်စေ ခြင်းနှင့် လုပ်ငန်းဆောင်ရွက်နေစဉ် ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း စသည့် လက္ခဏာများ ခံစားရပါက အလုပ်မှ ချက်ခြင်းအနားပေး၍ နီးစပ်ရာကျန်းမာရေးဌာနသို့ သတင်းပေး ဆေးကုသမှုခံယူရန် အသိပညာပေး မှာကြားခဲ့ကြောင်း သိရသည်။

ထို့အပြင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ဈေးအတွင်းမှာ ဇူလိုင်လ ၅ ရက်နေ့မှစပြီး အဓိက စားသုံးကုန်ဆိုင်နှင့် အသားငါးဆိုင်များကိုသာ ရောင်းချခွင့်ပြုမှာဖြစ်ပြီး အလှကုန်ဆိုင်/ အထည်ဆိုင် များကို ယာယီအရောင်းပိတ်ထားမှာဖြစ်ကြောင်း၊ အခြေခံပညာကျောင်းတွေမှာဆိုရင်လဲ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုတွေ့ရှိလာပါက ကူးစက်ပြန့်နှံ့မှု တားဆီးရေးအစီအစဉ်ဖြင့် လိုအပ်သလို ယာယီ ပိတ်သိမ်းသွားမှာဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်စိုးအောင်က ပြောပြသည်။

နန်းသာရီ-ထိန်ဝင်း