တိုက်ကြီး ဇူလိုင် ၄
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကြိုတင်ကာကွယ်ရေး ပြည်သူများ နေအိမ်မှ ထွက်ခွာတိုင်း ပါးစပ်/နှာခေါင်း စည်း (Mask)များ စနစ်တကျတပ်ဆင်သွားလာရေး အသိပညာပေးလုပ်ငန်း (Mask Campaign) ကို ယမန်နေ့ နံနက် ၇ နာရီခွဲအချိန်ခန့်က ပြုလုပ်ခဲ့သည်။
အဆိုပါ (Mask Campaign)ကို မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်စိုး ဦးဆောင်သော အဖွဲ့တို့က မြို့နယ်အတွင်းရှိ လူစည် ကားရာ ဈေးရပ်ကွက် ဘုရားလေးလမ်းဆုံ နှင့် မြို့မဈေးအတွင်း/ အပြင်ရှိ ဈေးရောင်းချသူ၊ ဈေးဝယ်သူ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ပါးစပ်/နှာခေါင်းစည်း(Mask)များ စနစ်တကျတပ်ဆင်စေရေး နှင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန က ထုတ်ပြန်ထားသော စည်းကမ်းချက်များကို သိရှိလိုက်နာစေရေး အသိပညာပေးခဲ့ပြီး ပါးစပ်/နှာခေါင်းစည်း(Mask) (၁၂၀၀)ခုအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အလားတူ တိုက်ကြီးမြို့နယ်အတွင်းရှိ ဥက္ကံ၊ အဖျောက်မြို့တို့တွင်လည်း ပြည်သူများ နေအိမ်မှ ထွက်ခွာတိုင်း ပါးစပ်/နှာခေါင်းစည်း (Mask)များ စနစ်တကျ တပ်ဆင်သွားလာရေး အသိပညာပေးလုပ်ငန်း (Mask Campaign)ကို တာဝန်ရှိသူများက တစ်ပြိုင်နက်တည်း ဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။
ခင်နှင်းသက်(ပြန်/ဆက်)