တောင်ကြီး ဇူလိုင် ၄
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ်၊ မိုးဗြဲကျေးရွာအုပ်စု၊ မိုးဗြဲကျေးရွာအတွင်း ပျက်စီးသွားသော နေအိမ်ပိုင်ရှင်များအား ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ ယမန်နေ့ နံနက် (၉) နာရီခွဲက မိုးဗြဲကျေးရွာအတွင်းရှိ ဘက်စုံသုံးအားကစားခန်းမ၌ အခြေခံအိမ်ဆောက်ပစ္စည်းများ ထောက်ပံ ပေးအပ်ခဲ့ကြောင်း သိရသည်။
တပ်မ (၆၆) ယာယီနည်းဗျူဟာမှူး၊ ဒုတိယဗိုလ်မှူးကြီး မျိုးမင်းအောင်က အမှာစကားပြောကြားရာတွင် မိမိတို့အနေဖြင့် ပျက်စီးနေအိမ်များအား စာရင်းကောက်ယူပြီး သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ကာ တွက်ချက်တင်ပြ၍ အဆင့်ဆင့်တင်ပြခဲ့ပါကြောင်း၊ ပျက်စီးပမာဏပေါ်မူတည်ပြီး ထောက်ပံပေးအပ်ရခြင်း ဖြစ်ကြောင်း၊ တက်ရောက်လာသူများမှ အလားတူဖြစ်စဉ်မျိုး မဖြစ်ပွားစေရေး အသိသတိရှိစွာဖြင့် ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်းပြောကြားသွားသည်။
ဆက်လက်၍ ဖယ်ခုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းရွှေက ထောက်ပံရေး ကိစ္စနှင့်ပတ်သက်၍ စာရင်းဇယားများအား စနစ်တကျ အချိန်မီဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ပျက်စီးပမာဏ အပေါ်မူတည်ပြီး တည်ဆောက်ရေး အထောက်အပံဖြစ်စေရန်တတ်နိုင်သည့်ပစ္စည်းများအား ထောက်ပံပေးအပ်ရခြင်း ဖြစ်ကြောင်း၊ အပြည့်အဝ မပေးနိုင်သော်လည်း အထောက်အပံဖြစ်စေရန် ရည်ရွယ်ပေးအပ်ရခြင်းဖြစ်ကြောင်း၊ လျှော်ကြေးအဖြစ်ပေးခြင်းမဟုတ်ဘဲ ယခုဖြစ်စဉ်အား နမူနာယူ၍ ထပ်မံမဖြစ်ပွားစေရေး ဝိုင်းဝန်းထိန်းသိမ်းပေးစေလိုကြောင်း၊ ပျက်စီးမှုအတွက် များစွာ စိတ်မကောင်းဖြစ်မိပါကြောင်း၊ ဆုံးရှုံးမှုကြီးမားခဲ့သည်ကိုလည်း သိရှိရပြီး ထောက်ပံရေးပစ္စည်းများ ရရှိရေးအတွက် အခြားသော ဝန်ကြီးဌာန အဖွဲ့အစည်းများထံသို့ အကူအညီတောင်းခံထားပါကြောင်း၊ ရရှိပါက ထပ်မံထောက်ပံပေးအပ်သွားမည်ဖြစ်ပြီး မိမိအနေဖြင့် မိုးဗြဲဒေသဖွံဖြိုးတိုးတက်ရေးကို အစွမ်းကို ကြိုးစားပေးမည်ဖြစ်ရာ တက်ရောက်လာသူများမှ ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်းနှင့် ဒေသတည်ငြိမ် အေးချမ်းရေး၊ စာသင်ကျောင်း၊ ဆေးရုံများ ပြန်လည်ဖွင့်လှစ်နိုင်ရေး အတွက် စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း ၊ လုံခြုံရေးတည်ငြိမ်အေးချမ်းရေးကို ပူးပေါင်းဆောင်ရွက်ပေးကြရန်နှင့် မိမိဒေသ ရှိ ပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှုရရှိရေး ၊ ကလေးများ ပညာသင်ကြားခွင့် ရရှိရေး ၊ Covid – 19 ရောဂါနှင့် ပတ်သက်၍ ဆောင်ရန် ရှောင်ရန် ကိစ္စရပ်များကို ဝိုင်းဝန်းဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ ထောက်ပံပေးအပ်သော အခြေခံအိမ်ဆောက်ပစ္စည်း များကို တပ်မ (၆၆) ယာယီနည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး မျိုးမင်းအောင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းရွှေ တို့မှ ထောက်ပံပေးအပ်ရာ တက်ရောက်လာသည့်ဒေသခံပြည်သူများမှ အသီးသီး လက်ခံရယူကြသည်။
အဆိုပါ ပျက်စီးဆုံးရှုံးမှုတွင် အကြီးစား ပျက်စီးသော အိမ်ခြေ (၂၀) လုံး ၊ အသေးစား ပျက်စီးအိမ်ခြေ (၂၈) လုံး ၊စုစုပေါင်း (၄၈) လုံးအတွက် အုတ် (၁၃၂၃၅၀)လုံး ၊ ဘိလပ်မြေ (၂၄၁၅) အိတ် ၊ သွပ် (၃၃၆၀) ချပ် စုစုပေါင်း ကာလတန်ဖိုး (၉၂,၅၄၂,၀၀၀) ကျပ်အား ထောက်ပံပေးအပ်ခဲ့ကြောင်း သိရှိရသည်။
မောင်မောင်သန်း (တောင်ကြီး)