ကော့သောင်းမြို့၌  COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး မီးသတ်ဦးစီးဌာနမှ  မြို့ပေါ်ရပ်ကွက် ဈေးများအား ပိုးသတ်ဆေးဖြန်းလုပ်ငန်းများဆောင်ရွက်

ကော့သောင်း   ဇူလိုင်   ၄


မြန်မာ-ထိုင်းနယ်စပ် ကော့သောင်းမြို့တွင် ယခု ပြန်လည်ဖြစ်ပေါ်ကူးစက်လျှက်ရှိသည့် COVID-19  ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး၊ မြို့နေပြည်သူများသို့ ကူးစက်မှုမရှိစေရေးတို့အတွက်   ယနေ့နံနက်ပိုင်းက ကော့သောင်းခရိုင် မီးသတ်တပ်ဖွဲ့မှ မြို့ပေါ်ရပ်ကွက်များရှိ ဈေးများအတွင်း  ပိုးသတ် ဆေးဖြန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
   ကော့သောင်းမြို့တွင် ကိုဗစ်၁၉ရောဂါကူးစက်ဖြစ်ပွားမှုနှင့် ပိုးတွေ့လူနာများပြန်လည် တွေ့ရှိလာနေသဖြင့် မြို့နေပြည်သူများ နေ့စဉ်စားသုံးမှုအတွက် မဖြစ်မနေရောင်းဝယ်ဖေါက်ကားလျက်ရှိပြီး ဈေးသယ်နှင့်ဈေးဝယ်များအဝင်အထွက်များပြားရာ ဈေးများမှတဆင့်  ရောဂါကူးစက်မှုမရှိစေရေး ရည်ရွယ်ကာ ကြိုတင်ကာကွယ်သည့်အနေဖြင့် ကော့သောင်းခရိုင်၊ မီးသတ်ဦးစီးဌာနမှတပ်ဖွဲ့ဝင်များမှ  ကလိုရင်း ပိုးသတ်ဆေးဖြန်းခြင်း လုပ်ငန်းများ ဆောင်ရွက်ကြခြင်းဖြစ်ကြောင်းကော့သောင်းခရိုင်မီးသတ်ဦးစီးမှူး  ဦးအောင်ငြိမ်းဦး ကပြောသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မီးသတ်တပ်ဖွဲ့ဝင်များမှ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ၊ ဈေးအကျိုးတော်ဆောင်အဖွဲ့များပူးပေါင်းကာ မြို့၏အချက်အခြာကျပြီးလူသူအသွားအလာများပြားရာ အဏ္ဏဝါရပ်ကွက်ရှိ မြို့မဈေး၊ ဘုရင့်နောင်ဈေး၊လဟာပြင်ဈေများတွင် ပိုးသတ်ဆေးဖြန်းပေးခဲ့ကြခြင်းဖြစ်ပြီး ကျန်ရှိသည့် မြို့ပေါ်ရပ်ကွက်ဈေးများကိုလည်း ပိုးသတ်ဆေးဖြန်းခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
 

ကျော်စိုး (ကော့သောင်း)