ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်အတွင်းရှိ ထာခကြိုးတံတားတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး

ပူတာအို ဇူလိုင် ၄

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေ ဖြင့် နယ်စပ်ဒေသများ လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ကောင်းမွန်စေရေးအတွက် ဆောင်ရွက်ပေးလျက်ရှိရာ ကချင် ပြည်နယ် ပူတာအိုခရိုင် မချမ်းဘော့မြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် ထာခကြိုးတံတား တည်ဆောက်ရေး လုပ်ငန်းမှာ ယခုအခါရာခိုင်နှုန်းပြည့်လုပ်ငန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ပူတာအိုခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သိရသည်။

ယင်းထာခကြိုးတံတားသည် မချမ်းဘော့မြို့နယ် ထန်ဂါးကျေးရွာမှ ရှန်ခဒိန်ချက်ကျေးရွာသို့ သွားသည့် လမ်းမပေါ် ထန်ဂါးကျေးရွာမှ(၄)ဖာလုံခန့် အကွာတွင်ရှိသော ပေ(၂၀၀)ရှိကြိုးတံတားတစ်စင်းဖြစ်ပြီး ထာခကြိုး တံတားကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေကျပ်သန်းပေါင်း (၁၃၁ ဒသမ ၆၇) သန်းဖြင့် ဆောက်လုပ်ပြီးစီးခဲ့ခြင်း ဖြစ်သည်။

အဆိုပါတံတားဆောက်လုပ်ပြီးစီးမှု အခြေအနေများကို ပူတာအိုခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ဒုတိယ ညွှန်ကြားရေးမှူး ဦးဇော်ဇော်ထွန်းနှင့် အဖွဲ့၀င်များသည် မချမ်းဘော့မြို့နယ် တည်ဆောက်ရေး လုပ်ငန်းအရည်အသွေးစစ်ဆေးရေးအဖွဲ့များနှင့်အတူ ဇူလိုင်(၁)ရက်နေ့ မွန်းလွဲပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထိုတံတားတည်ဆောက်ပြီးစီးခဲ့မှုကြောင့် မချမ်းဘော့မြို့နယ်အတွင်းရှိ ထန်ဂါးကျေးရွာအုပ်စု၊ ဒိန်ချက် ကျေးရွာအုပ်စု၊ မကျန်းဂါးကျေးရွာအုပ်စုနှင့် ဒိန်ဘူဒိန်ဆာကျေးရွာအုပ်စုများရှိ ကျေးရွာ(၈) ရွာ အိမ်ခြေ(၂၀၇)အိမ်နှင့် လူဦးရေ(၈၄၁)ဦးတို့၏ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုဘ၀များဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် များစွာအကျိုးပြုသည့်အပြင် ခေါင်လန်ဖူးမြို့နယ်နှင့် ဆက်သွယ်သွားလာနိုင်သည့် လမ်းကြောင်းပေါ်တွင်ရှိခြင်းကြောင့် ဒေသအတွက် အလွန်အရေးပါသော တံတားတစ်စင်းဖြစ်ကြောင်း ဒေသခံများမှ သိရသည်။

ခရိုင်ပြန်/ဆက်(ပူတာအို)