ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် မြို့နယ်ပေါင်းစုံ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

ဘားအံ ဇူလိုင် ၄

ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် မြို့နယ်ပေါင်းစုံ အမျိုးသမီးဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီခန့်က ဘားအံမြို့ အောင်သံလွင်အား ကစားကွင်း၌ ကျင်းပခဲ့သည်။

အဆိုပါ ဘောလုံးပြိုင်ပွဲကို နေပြည်တော်တွင် ကျင်းပမည့်  တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲသို့ ကရင်ပြည်နယ် ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ရန်နှင့် အောင်မြင်မှုများရရှိရန် ရည်ရွယ် ကျင်းပပေးသည့် ပြိုင်ပွဲဖြစ်ပြီး မြို့နယ်(၇)မြို့နယ်မှ ဘောလုံးအသင်း(၇)သင်းက ပွဲစဉ်ပေါင်း ၁၂ ပွဲဖြင့် ယှဉ်ပြိုင်ကစားခဲ့ကြကာ ဗိုလ်လုပွဲစဉ်အဖြစ် ဘားအံမြို့နယ်ဘောလုံးအသင်းနှင့် လှိုင်းဘွဲမြို့နယ်ဘောလုံးအသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ကြရာ ဘောလုံးဝါသနာရှင်ပရိတ်သတ်များက Mask များ တပ်ဆင်ပြီး တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေ၍ ကိုဗစ်-၁၉ ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ကြည့်ရှု အားပေး ခဲ့ကြကြောင်းနှင့် ဘားအံမြို့နယ်ဘောလုံးအသင်းက ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့ကြောင်း သိရသည်။

ဗိုလ်လုပွဲစဉ်အပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဘောလုံး အားကစား ဆပ်ကော်မတီဥက္ကဋ္ဌ ပြည်နယ်လမ်းဦးစီး ညွှန်ကြားရေးမှူး ဦးနန်းမြင့်အောင်နှင့် ပြည်နယ်ဥပဒေချုပ် ဦးရဲလွင်တို့က ပြိုင်ပွဲကြီးကြပ်ရေးဒိုင်အဖွဲ့နှင့် ပြိုင်ပွဲဝင်အားကစားသမားများအား ကျန်းမာရေး စောင့်ရှောက်မှု ကူညီဆောင်ရွက်ပေးခဲ့သည့် ကြက်ခြေနီအဖွဲ့တို့အား ဂုဏ်ပြုဆုငွေများကို လည်းကောင်း၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဦးကျော်စိုးက ဗိုလ်လုပွဲစဉ် အကောင်းဆုံး အားကစားသမားဆုကို လည်းကောင်း၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၅) ဦးဇော်ဝင်းက ဒုတိယဆုရ လှိုင်းဘွဲမြို့နယ်ဘောလုံးအသင်းအား တစ်ဦးချင်း လည်ဆွဲဆုများကို လည်းကောင်း၊ အဖွဲ့ဝင်(၄) ဦးစော ခင်မောင်မြင့်က ပထမဆုရရှိသော ဘားအံမြို့နယ် ဘောလုံးအသင်းအား တစ်ဦးချင်းလည်ဆွဲဆုများကို လည်းကောင်း၊ အဖွဲ့ဝင်(၃) လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူးဦးစိုးလွင်နှင့် အဖွဲ့ဝင်(၂) ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးခင်ဇော်တို့က ပွဲစဉ်တစ်လျှောက် နေရာအလိုက် အကောင်းဆုံးဆုများကို လည်းကောင်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးမျိုးမင်းနောင်က ပူးတွဲတတိယဆုရရှိသော ကော့ကရိတ်မြို့နယ်ဘောလုံးအသင်းနှင့် သံတောင်ကြီးမြို့နယ် ဘောလုံးအသင်းတို့က ငွေသားဆုများကို လည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးသိန်းကိုကိုက ဒုတိယဆုရရှိသော လှိုင်းဘွဲမြို့နယ်ဘောလုံးအသင်းအား ငွေသားဆုကို လည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးက ပထမဆုရရှိသော ဘားအံမြို့နယ်ဘောလုံးအသင်းအား ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလားတို့အား ပေးအပ်ချီးမြှင့်ခဲ့ကာ ဆုရဘောလုံးအသင်းများနှင့် အမှတ်တရ စုပေါင်းမှတ်တမ်း ဓါတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း (ပြန်/ဆက်)