အမှတ်(၁) ခရိုင်ချင်းဆက်လမ်း (မလှိုင်မြို့နယ်) ကတ္တရာလမ်းချဲ့ခြင်းနှင့် ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

မလှိုင် ဇူလိုင် ၃

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် အုပ်ချုပ်‌ရေးမှူး ဦးစိုးမင်းထက်သည် မြို့နယ်တည်ဆောက်ရေး လုပ်ငန်း စီစစ်ကြီးကြပ်ရေး ကော်မတီအဖွဲ့ဝင်များ လိုက်ပါလျက် မလှိုင်မြို့နယ်အတွင်းရှိ အမှတ်(၁) ခရိုင် ချင်းဆက်လမ်း ကတ္တရာလမ်းချဲ့ခြင်းနှင့် ထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုကို ယမန်နေ့က သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါနေ့က မြို့နယ်အုပ်ချုပ်‌ရေးမှူးသည် လမ်းဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ  ဦးသာအေး၊ စီမံကိန်း ရေးဆွဲရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းယုဆွေ ၊  မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးကျော်စိုးဝင်းနှင့် တာဝန် ရှိသူများ လိုက်ပါလျက် အမှတ်(၁) ခရိုင်ချင်းဆက်လမ်း (၅၆၅.ဝ၁  KM) မှ (၅၆၇.၆၈ KM) အထိ အရှည် (၂.၆ KM) ကတ္တရာလမ်းအကျယ် (၁၂ ပေ မှ ၁၈ ပေ) တိုးချဲ့ခြင်းနှင့် ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက် နေမှု ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ လမ်းဦးစီးဌာနမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေ အနေများကို ရှင်းလင်းတင်ပြခဲ့သည်။  တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် မြို့နယ်အုပ်ချုပ်‌ရေးမှူးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်ပေးခဲ့သည်။  အဆိုပါ ကတ္တရာလမ်းချဲ့ခြင်းနှင့် ထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းကို  ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ်အတွင်း ဌာနခွင့်ပြုငွေကျပ်(၂၈၂) သန်းဖြင့် လမ်းဦးစီးဌာနမှ တာဝန်ယူ ဆောင် ရွက်နေခြင်းဖြစ်ပြီး စက်တင်ဘာလတွင်အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အမှတ်(၁) ခရိုင်ချင်းဆက်လမ်းသည် မလှိုင်မြို့နယ်အတွင်း အရှည် ၃ဝ မိုင် ၁ ဖာလုံ ရှိပြီး အဆိုပါကတ္တရာ လမ်းတိုးချဲ့ခြင်းနှင့် ထပ်ပိုးလွှာ ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးပါက လမ်းပမ်းဆက်သွယ်ရေးယခင်က ထက် ပိုမိုကောင်းမွန်လာပြီး လမ်းမကြီးပတ်ဝန်းကျင် ကျေးရွာများ ဖြစ်သော ဝါးခွ၊ ပြူကန်၊ မြင်းတွင်း၊ညောင် ကန်၊ မြောက်လည်၊ လိမ္မာကန်၊ မြင်းတွင်း၊ ဇီးကုန်း၊  ရွှေပေါ်ကျွန်း၊ စသည့် ကျေးရွာများမှ ဒေသခံပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းစွာဖြင့် သွားလာနိုင်ပြီး ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး စသည့် ဒေသခံ တို့၏ လူမှုစီးပွား ဘဝများမှာလည်း  ဖွံဖြိုးတိုးတက်လာမည် ဖြစ်ပေသည် ။   

အောင်ဌေး(မလှိုင်)