မိုင်းရယ်တွင် လူတိုင်း နှာခေါင်းစည်းဝတ်ဆင်ရေးနှင့် ဈေးသူဈေးသားများ ကိုဗစ်-၁၉ စည်းကမ်းနှင့်အညီ ရောင်းဝယ်မှုရှိစေရေး ကြပ်မတ်ဆောင်ရွက်

မိုင်းရယ် ဇူလိုင် ၂

လားရှိုးခရိုင်၊ မိုင်းရယ်မြို့တွင် လူတိုင်းနှာခေါင်းစည်းဝတ်ဆင်ရေးနှင့် နှာခေါင်းစည်းပေးဝေခြင်း၊ ဈေးသူဈေးသားများ ကိုဗစ်-၁၉ စည်းကမ်းနှင့်အညီ ရောင်းဝယ်မှုရှိစေရေးတို့ကို မြို့နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီမှ ဦးစီး၍ ယနေ့နံနက် ၇ နာရီက မိုင်းရယ်မြို့မ ဈေးကြီးတွင် ဆောင်ရွက်ခဲ့သည်။

မြို့နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီနှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းအောင် ဦးဆောင်သည့်အဖွဲ့သည် ပြည်သူများ နှာခေါင်းစည်း တပ်ဆင်ပေး ခြင်းနှင့် အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် မြို့မဈေးကြီးအတွင်း အစားအသောက်နှင့် အသားငါးရောင်းချသူများအား နှာခေါင်းစည်းနှင့် လက်အိတ်များ စနစ်တကျဝတ်ဆင်၍ ရောင်းချစေရေးနှင့် လိုက်နာမှုမရှိပါက ဈေးရောင်းချခွင့် ပိတ်သိမ်းသည်အထိ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လားရှိုးမြို့တွင် ရောဂါပိုးတွေ့လူနာများပြားနေသည့်အတွက် နယ်လှည့်ရောင်းချနေသည့် ဈေးသည်များအနေဖြင့်လည်း မိမိကိုယ်တိုင်က ရောဂါဖြန့်ဖြူးသူမဖြစ်စေရေးအတွက် လက်ရှိရောင်းချနေသည့်ဈေး၌သာ ရောင်းချစေပြီး တစ်ခြား မြို့၊ရွာများသို့ သွားရောက်ရောင်းချမှုမရှိစေရေးတို့ကို လိုက်လံကြပ်မတ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျော်ဇင်ထိုက်