ကျေးရွာသစ်စီမံကိန်းဖြင့် မယ်ဇလီအိုင့်ကျေးရွာတွင် ဘက်စုံသုံးခန်းမတည်ဆောက်

ပျော်ဘွယ်  ဇူလိုင်  ၂

စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ကျေးရွာသစ်စီမံကိန်းအရ ပျော်ဘွယ်မြို့နယ်၊ မယ်ဇလီအိုင့်ကျေးရွာတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ကျေးရွာဘက်စုံသုံးခန်းမ တည်ဆောက်လျက်ရှိကြောင်း သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ ကျေးရွာသစ်စီမံကိန်းကနေ ခွင့်ပြုရန်ပုံငွေကျပ်သိန်း (၃၀၀) ရရှိခဲ့ခြင်းဖြစ်ပါတယ်၊ ဘက်စုံသုံးခန်းမတည်ဆောက်ရာတွင် စွမ်းဆောင်ရည်ကဏ္ဍခေါင်းစဉ်ဖြင့် ခွင့်ပြုငွေကျပ်သိန်း(၁၂၀)ဖြင့် မတည်ဆောက် လုပ်နေခြင်းဖြစ်ပါတယ်၊ ဆောက်လုပ်တဲ့ မြေနေရာ ကိုတော့ ကျေးရွာမှအလှူရှင်တစ်ဦးကနေ လှူဒါန်းခဲ့ခြင်းဖြစ်ပါတယ်ဟု ကျေးရွာသစ်စီမံကိန်း ကော်မတီဝင် ဦးတင်ငွေက ရှင်းပြသည်။

ဘက်စုံသုံးခန်းမအား အလျား(၆၀)ပေ၊ အနံ(၃၀)ပေ၊ အမြင့်(၁၂)ပေရှိ သံကူကွန်ကရစ် အဆောက် အဦကို ဆောက်လုပ်နေခြင်းဖြစ်ပြီး ကျေးရွာသစ်စီမံကိန်းခွင့်ပြုငွေကျပ်သိန်း(၁၂၀)၊ ၂၀၁၉-၂၀၂၀ ကျေးရွာသစ်စီမံကိန်းမှ ရရှိသည့် ဆုငွေကျပ်သိန်း(၁၀၀)၊ အလှူရှင်များစုပေါင်းလှူဒါန်း ငွေကျပ် သိန်း(၈၀)၊ စုစုပေါင်းငွေကျပ်သိန်း(၃၀၀)ဖြင့် တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)