ပင်လောင်း ဇူလိုင် ၂
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့ပေါ်၌ ယမန်နေ့ ညနေပိုင်း က ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာသုံးဦး ထပ်မံတွေ့ရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာနှင့် ထိတွေ့ဆက်စပ်ခဲ့သူများအား ပင်လောင်းမြို့နယ် ပြည်သူ့ဆေးရုံက ဇူလိုင် ၁ ရက်တွင် RDT Test Kit ဖြင့် စစ်ဆေးရာ ကိုဗစ်-၁၉ အတည်ပြုလူနာ နှစ်ဦးနှင့် လားရှိုးမြို့မှ ပြန်လည်ရောက်ရှိလာသူတစ်ဦးသည် နေမကောင်းသဖြင့် မြို့နယ်ပြည်သူ့ ဆေးရုံ၌ RDT Test Kit ဖြင့် ကျန်းမာရေးစစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ၍ ဇူလိုင် ၁ ရက်နေ့တွင် အတည်ပြုလူနာ သုံးဦးတွေ့ရှိပြီး ဇွန် ၃၀ ရက်မှ ယနေ့ထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ စုစုပေါင်း ကိုးဦး တွေ့ရှိခဲ့ပြီးဖြစ်သည်။
အဆိုပါ အတည်ပြုလူနာများအား ပင်လောင်းမြို့နယ် ပြည်သူ့ဆေးရုံ သီးသန့်ဆောင်၌ ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးထားပြီး အတည်ပြုလူနာကိုးဦးနှင့် ထိတွေ့ဆက်စပ်ခဲ့သူ များအား အသွားအလာကန့်သတ်စောင့်ကြည့်ရာ နေရာများဖြစ်သည့် ဘက်စုံသုံးခန်းမနှင့် မွေတော် ဘုရားကြီးကျောင်းတို့တွင် ၁၀ ရက်ကြာ ကျန်းမာရေးစောင့်ရှောက်ထားရှိမည်ဖြစ်ကြောင်းနှင့် ထိတွေ့ဆက်စပ်သူများကိုလည်း ထပ်မံစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)