ဆီဆိုင် ဇူလိုင် ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမူစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် အသက်မွေးဝမ်းကြောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်း ဖွင့်ပွဲကို နောင်ကျောကျေးရွာအုပ်စု၊ ဟော်တောင်ကျေးရွာဓမ္မာရုံ၌ ယနေ့နံနက် ၉ နာရီခွဲ က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးအောင်သိုက်ဝင်း က အမှာစကားပြောကြားပြီး မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးအောင်နိုင်ဝင်း က ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိပြီး တစ်ပိုင်တစ်နိုင်စီးပွားဖြစ်လုပ်ငန်းများမှသည် ဈေးကွက်သို့ ဝင်ရောက်နိုင်သည့် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်လာနိုင်ပြီး ကျေးလက်နှင့်မြို့ပြကွာဟမှု ကျဉ်းမြောင်းလာစေမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် သင်တန်းမှူးမှ သင်တန်းစည်းကမ်းချက်များအား ရှင်းလင်းပြောကြားပြီး မှတ်တမ်းဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။
အဆိုပါ သင်တန်းတွင် ကျွမ်းကျင်သင်တန်းနည်းပြ (၂)ဦးက အမျိုးသမီးဝတ် ရင်ဖုံး/ရင်စေ့ချုပ်နည်း၊ ဇစ်တပ်နည်း၊ ချိတ်စကတ်၊ လုံချည်ချုပ်နည်း၊ ရှပ်ကော်လံချုပ်နည်း စသည့်အခြေခံ အပ်ချုပ်စက် ဘာသာရပ်များကို (၁)လကြာ စာတွေ့လက်တွေ့ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ပြီး ဒေသခံတိုင်းရင်းသူ(၃၀)ဦး တက်ရောက်ကြကြောင်း သိရသည်။
ခွန်ရဲထွေး(ပြန်/ဆက်)