အောင်မြေသာစံ ဇူလိုင် ၂
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် မြို့နယ်ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ဥပုသ်တော်ရပ်ကွက်၊ ၁၂ လမ်းနှင့် ၇၃ လမ်း ထောင့်ရှိ မန္တလေးလူငယ်သင်တန်း ကျောင်း၌ ကျင်းပသည်။
အစည်းအဝေးတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ မန္တလေးလူငယ် သင်တန်းကျောင်းမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းအောင်က အဖွင့်အမှာစကား ပြောကြားပြီး အောင်မြေသာစံမြို့နယ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းဇော်က ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ၏ လုပ်ငန်းတာဝန်များ အကြောင်းကို ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီအတွင်းရေးမှူး မန္တလေး လူငယ်သင်တန်း ကျောင်းအုပ်ကြီး ဦးကျော်ဇင်ဦးက ကလေးသူငယ် အခွင့်အရေးများနှင့် သက်ဆိုင်သည့် သမိုင်းကြောင်း၊ အခြေခံမူ(၄)ရပ်၊ အနှစ်သာရ၊ အခွင့်အရေး(၄)ရပ်၊ နိုင်ငံတော်မှ အကောင်အထည်ဖော် ဆောင်ရွက်မှု၊ ကော်မတီများ၊ ဆပ်ကော်မတီများ ဖွဲ့စည်းဆောင်ရွက်မှု၊ ကော်မတီ၏ လုပ်ငန်းတာဝန်များ၊ ကာကွယ် စောင့်ရှောက်ရန် လိုအပ်သော ကလေးသူငယ်များ အကြောင်းနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ အကြောင်းတို့ကို ရှင်းလင်းတင်ပြပြီး မြို့နယ်အမျိုးသမီး ကော်မတီဥက္ကဋ္ဌ ဦးတင်မောင်ဝင်းက ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေများ အကြောင်းကို ရှင်းလင်း ဆွေးနွေးသည်။
ထို့နောက် တက်ရောက်လာကြသည့် ကော်မတီဝင်များက အပြန်အလှန် အကြံပြု မေးမြန်း ဆွေးနွေးကြပြီး ကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်စကား ပြောကြားကာ အစည်းအဝေးကို ရုတ်သိမ်းခဲ့သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ လူမှုဝန်ထမ်းဦးစီးဌာန၊ မန္တလေးလူငယ် သင်တန်းကျောင်းမှ ဒုတိယညွှန်ကြားရေးမှူး၊ အောင်မြေသာစံမြို့နယ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မတီအဖွဲ့ဝင်များ အားလုံးတက်ရောက်ခဲ့ကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)