မြဝတီမြို့၌ ကိုဗစ်-ကိုဗစ်၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး Mask များ အခမဲ့ပေးဝေပြီး အသိပညာပေးခြင်း ဆောင်ရွက်

မြဝတီ ဇူလိုင် ၁

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး ပြည်သူများ Mask ကို စနစ်တကျ တပ်ဆင်အသုံးပြုစေရေးအတွက် Mask များ အခမဲ့ပေးဝေခြင်းနှင့် အသိပညာပေးခြင်းများကို ယနေ့ နံနက် ၉ နာရီက မြို့နယ်စည်ပင်သာယာရုံးအနီး ဘုရင့်နောင် လမ်းမကြီးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာ မြဝတီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင် ဦးဆောင်ပြီး  မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးစောရောဘတ်ထူး၊ မြဝတီမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ မြို့နယ်တပ်ဖွဲ့မှူး ဦးအောင်သွင်ဦးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ် မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်သည်။

နိုင်ငံတစ်ဝှမ်း ကိုဗစ်-ကိုဗစ်၁၉ ရောဂါ ဖြစ်ပွားမှုများလာသည့် နည်းတူ နယ်စပ်မြို့ဖြစ်သည့် မြဝတီမြို့တွင်လည်း ရောဂါ ဖြစ်ပွားမှုများပြားလာခြင်းကြောင့် ယခုကဲ့သို့ လှုပ်ရှားမှုများအား ဆောင်ရွက်ခြင်းဖြစ်ကာ ထပ်မံ၍ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိန်လင်းအောင်