တံတားဦးမြို့နယ်တွင် သံဂဟေဆက် သင်တန်းဖွင့်လှစ်

တံတားဦး ဇူလိုင် ၁

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတွင် ကျေးလက်နေ ပြည်သူများ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်း အဆင်ပြေစေရန် ရည်ရွယ်ပြီး သံဂဟေဆက် သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် တံတားဦးမြို့နယ် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးကျော်ကျော်ညွန့်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဇော်မျိုးထက်တို့က အမှာစကား အသီးသီး ပြောကြားပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခေတ္တမြို့နယ် ဦးစီးမှူး ဒေါ်တိုးတိုးစိန်က ကျေးလက်နေ ပြည်သူများတစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်း အဆင်ပြေစေရေး၊ မိသားစုဝင်ငွေကို တစ်ဘက် တစ်လမ်းမှရရှိရေး၊ မိမိတို့ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အထောက်အကူ ရရှိရေးစသည့် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ သင်တန်းဖွင့်လှစ်ပွဲသို့ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ကျေးရွာများမှ သင်တန်းသား၊ သင်တန်းသူ (၁၀)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ (၁.၇.၂၀၂၁)ရက်မှ(၃၁.၇.၂၀၂၁)ရက်အထိ ဖွင့်လှစ်မည် ဖြစ်ပြီး သင်တန်းကို စာတွေ့၊ လက်တွေများ ပို့ချသင်ကြားပေးမည်ဖြစ်ကြောင်း၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ကျေးလက်နေ ပြည်သူများအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများကို  ဆက်လက်ဖွင့်လှစ်ပေးမည် ဖြစ်ကြောင်း ခေတ္တမြို့နယ် ဦးစီးမှူး၏ ပြောကြားချက်များအရ သိရသည်။

ရဲတင့်(တံတားဦး)