မောက်မယ် ဇူလိုင် ၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝမြှင့်တင်နိုင်ရန်အတွက် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ ကျေးလက်နေ လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးလုပ်ငန်းစဉ်များကို စီမံချက်ရေးဆွဲကာ တစ်စိုက်မတ်မတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရေးလုပ်ငန်းများအား တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန် ရည်ရွယ်ချက်များဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူး၍ စက်ချုပ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီ က မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော် က အဖွင့် အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုင်းစံထွန်းလင်း က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ ကျေးလက်နေလူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းရရှိရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သင်တန်းနည်းပြများနှင့် သင်တန်းသူများတို့အား သင်ထောက်ကူပစ္စည်းများ အသီးသီးပေးအပ်ခဲ့သည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ နှင့် သင်တန်းသူများ (၃၂)ဦး တက်ရောက်ပြီး အဆိုပါစက်ချုပ်သင်တန်းအား ဇူလိုင်လ(၃၀) ရက်နေ့အထိ တစ်လကြာ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)