တာလေ ဇူလိုင် ၁
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှုများ မဖြစ်ပေါ်စေရေး ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်စစ်ဆေးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန် က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် တာလေမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးချစ်ကို က အမှာစကားပြောကြားရာတွင် တာချီလိတ်- မိုင်းဖြတ် - ကျိုင်းတုံ မြို့ကြီးများတွင် ကိုဗစ်-၁၉ ရောဂါ positive တွေ့ရှိမှုများ တကျော့ပြန်လည် ဖြစ်ပေါ်နေခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ သွားလာနေထိုင်ရေး၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများအတွင်း ပြင်ပဧည့်သည် အဝင်အထွက် တင်းကြပ်စွာစောင့်ကြည့်စစ်ဆေးပြီး သက်ဆိုင်ရာကျန်းမာရေး ထောက်ခံချက် မိမိနေထိုင်ရာရပ်ကွက်ထောက်ခံချက်များပါရှိမှသာ ဝင်ထွက်ခွင့်ပြုရန်နှင့် နေရပ်ပြန်လာသူများ Quarantine ထားရှိဆောင်ရွက်ရေး၊ တာဝန်ရှိသူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ စနစ်တကျဆောင်ရွက်ကြရန်နှင့် ဌာနဆိုင်ရာများအနေဖြင့် မိမိလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ ဆွေးနွေးတင်ပြကြရန် ပြောကြားသည်။
ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ဆောင်ရွက်မည့် လုပ်ငန်းများနှင့် မိမိဌာန၊ ရပ်ကွက် ကျေးရွာအုပ်စုများအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား အသီးသီးဆွေးနွေးတင်ပြကြကာ မြို့အုပ်ချုပ်ရေးမှူး ဦးချစ်ကို က ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ပြီး အစည်းအဝေးကို နေ့လည် ၁၂ နာရီအချိန်က ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အောင်ကျော်မိုး (ပြန်/ဆက်)