ကျိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ပါးစပ်နှင့်နှာခေါင်းစည်း(Mask)များ ဖြန့်ဝေ

ကျိုင်းတုံ    ဇူလိုင်    ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ပါးစပ် နှာခေါင်းစည်း(Mask)များဖြန့်ဝေခြင်းကို ယမန်နေ့ ညနေ ၅ နာရီက မြို့သစ်အာခါဈေးတွင် တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှိုင်းမောင်မောင်၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးမောင်နှင့် တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊  စည်ပင်သာယာရေး ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများက ကျိုင်းတုံမြို့၊ မြို့သစ် အာခါဈေးအတွင်း ဈေးရောင်းချသူများနှင့် ဈေးဝယ်သူများအား နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးပြီး စနစ်တကျတပ်ဆင်၍ ဈေးရောင်း၊ ဈေးဝယ်ပြုကြရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ညွှန်ကြားချက်များကို တိကျစွာလိုက်နာကြရန် အသိပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

အလားတူ ကျိုင်းတုံမြို့နယ်တွင် လူစည်းကားရာနေရာများနှင့် ဈေးများတွင် မဖြစ်မနေ အပြင်ထွက် သွားလာသူများအား နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးကျန်းမာရေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

အောင်ဇင်မြင့်