သာစည် ဇူလိုင် ၁
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်အတွင်း Coronavirus Disease 2019 (ကိုဗစ်-၁၉)ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် သာစည်မြို့နယ်၊ မိတ္ထီလာ-တောင်ကြီးသွား ကားလမ်းဘေး ကျွဲတပ်ဆုံကျေးရွာအနီးတွင် ဇွန်လ ၂၇ ရက်နေ့မှ စတင်၍ ကျန်းမာရေး စစ်ဆေးရေး ဂိတ်ဖွင့်လှစ်ဆောင်ရွက် လျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ စောင့်ကြည့်၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ကော်မတီထံမှ သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ် တပ်ဖွဲ့များနှင့် နေ့စဉ်တာဝန်ကျ ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်း အဖွဲ့များမှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များ နှင့်အညီ ကျန်းမာရေး စစ်ဆေးဆောင်ရွက်ခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ အောက်ဆီဂျင်တိုင်းတာပေးခြင်း၊ သတ်မှတ် ကိုယ်အပူချိန် မြင့်တက်ခြင်းနှင့် သတ်မှတ်အောက်ဆီဂျင်အောက် လျော့နည်းပါက RDT TestKit ဖြင့် စစ်ဆေးခြင်း၊ ခရီးသွားပြည်သူများ၏ အမည်၊ နေရပ်လိပ်စာ၊ ခရီးသွားရာဇဝင်နှင့် တယ်လီဖုန်း နံပါတ်များအား မှတ်တမ်းရေးသွင်းခြင်း၊ Stay at Home သတ်မှတ်ထားသော မြို့နယ်များမှ ဝင်ရောက် သူများအား Facility Quarantine ထားရှိ၍ (၁၀)ရက် အသွားအလာ ကန့်သတ်ထားရှိပြီး (၃)ရက်မြောက်နေ့တွင် RDT Test Kit ဖြင့် စစ်ဆေးခြင်း၊ (၇)ရက်မြောက် နေ့တွင် Nasopharyngeal Swab နှင့် Oropharyngeal Swab ရယူ၍ ဒုတိယအကြိမ်၊ စုစုပေါင်း(၂)ကြိမ်စစ်ဆေးခြင်း၊ ခရီးသွားပြည်သူများအား ပါးစပ်နှင့် နှာခေါင်းစည်း(mask) စနစ်တကျ တပ်ဆင်စေခြင်း၊ တစ်ဦးနှင့် တစ်ဦး(၆)ပေအကွာမှ နေထိုင်ရေးတို့အား ပညာပေးကြီးကြပ်၊ ကြပ်မတ် ဆောင်ရွက်ခြင်း၊ စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ (Positive) လူနာ တွေ့ရှိပါက ပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်းနှင့် ထိတွေ့မှုရှိသူများအား ဥသျှစ်ကုန်း ကျေးရွာအုပ်စု၊ သစ္စာပန်ကျောင်းတိုက် Facility Quarantine Centre တွင် ထားရှိပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ကိုဗစ်- ၁၉စောင့်ကြည့်၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)