မြဝတီ ဇွန် ၃၀
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ မဲကနယ်ကျေးရွာအုပ်စုအတွင်းရှိ လူငယ်၊လူရွယ်များ အလုပ်အကိုင် အခွင့်အလမ်းများရရှိစေပြီး အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သံပန်း(ဝရိန်)သင်တန်းကို မြဝတီ မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်ပို့ချပေးခဲ့ပြီး သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မဲကနယ်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြဝတီခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးနေဝင်းက အမှာစကား ပြောကြားရာ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသမှာရှိတဲ့ လူတိုင်းလူတိုင်းက မိမိတို့ ကျေးရွာရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို စိတ်ပါဝင်စားဖို့လိုပါကြောင်း၊ ဒီသင်တန်းကို ဖွင့်လှစ်သည့်အခါမှာလည်း သဘာဝအနေအထားအရ သစ်နေရာများမှာ နည်း ပညာများဖြင့် သံများကို အစားထိုး သုံးစွဲလာသည်ကို တွေ့လာရပါကြောင်း၊ ဒီလိုသုံးစွဲလာတဲ့အခါ စနစ်တကျသုံးစွဲတတ်အောင်၊ အတွေ့အကြုံဗဟုသုတရ အောင်၊ ဒီပေါ်မှာမှ ထပ်ပြီး စိတ်ပါဝင်စားစွာ ဆောင်ရွက်မယ်ဆိုရင် အသက်မွေး ဝမ်းကျောင်းကို အထောက် အကူပြုတဲ့ ပညာရပ်တစ်ခု ဖြစ်အောင် ရည်ရွယ် ဖွင့်လှစ်ပေးခြင်း ဖြစ်ပါကြောင်း ဖြင့် ပြောကြား သည်။
ထို့နောက် မြို့နယ်ဦးစီးမှူး ဦးငွေစိုးက သင်တန်းနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားရာ ယခင်ကလည်း ဒီကျေးရွာမှာ ကွန်ပျူတာသင်တန်းကို ဖွင့်လှစ်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ နောင်ထပ်မံပြီးလည်း ကျေးရွာ ပြည်သူများအတွက် အကျိုးရှိစေမည့် သင်တန်းများ ထပ်မံ ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်းဖြင့် ပြောကြား သည်။
အဆိုပါ သင်တန်းကို (၁.၆.၂၀၂၁)ရက်နေ့မှ(၃၀.၆.၂၀၂၁)ရက်နေ့အထိ ဖွင့်လှစ်ပို့ချခဲ့ပြီး မဲကနယ်ကျေး ရွာအုပ်စု အတွင်းရှိ စိတ်ပါဝင်စားသူ လူငယ်လူရွယ် ၂၀ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)