ကော့သောင်းနယ်စပ်ဂိတ်မှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား အသွားအလာ ကန့်သတ်စောင့်ကြည့်ထားရှိ

ကော့သောင်း ဇွန်လ ၃၀

နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံရပြီး ပြန်လည်လွှတ်မြောက်လာသည့် မြန်မာနိုင်ငံသား  အမျိုးသား ၅၉ ဦး၊ အမျိုးသမီး ၂ ဦး ၊စုစုပေါင်း အလုပ်သမား ၆၁ဦး ယနေ့မွန်းလွဲပိုင်းက ထိုင်းနိုင်ငံရနောင်းမြို့မှတဆင့် မြန်မာနိုင်ငံ ကော့သောင်းမြို့ တာဝန်ရှိအဖွဲ့အစည်းများထံသို့   ပဲ့ချိတ်စက်လှေ(၄)စီး ဖြင့် ရေလမ်းခရီးမှ လာရောက်လွှဲပြောင်းပေးအပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ မြန်မာအလုပ်သမားများမှာ COVID-19 ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း အကြောင်းအမျိုးမျိုးဖြင့် ထိုင်းနိုင်အတွင်းပိတ်မိနေသူများနှင့် အရေးယူခံနေခဲ့ရသူများဖြစ်ကာ ပြန်လည်ဝင်ရောက်လာသည့် အလုပ်သမားများကို ကော့သောင်းခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများ၊ ကျန်းမာရေးဌာနနှင့် ဌာနဆိုင်ရာများ၊ NGO အဖွဲ့အစည်းများက COVID-19  ရောဂါ ကူးစက်မှုသံသယရှိသူများ ပါဝင်လာခြင်း ရှိ/မရှိ၊ မြန်မာနိုင်ငံသား  မဟုတ်သူများ ပါဝင်လာခြင်းရှိ/မရှိ စစ်ဆေး လက်ခံခဲ့ပြီး အစားအသောက်၊ ကျန်းမာရေးနှင့် လိုအပ်သည့် ထောက်ပံ့ကူညီမှုများဆောင်ရွက်ပေးခဲ့ကြသည်။

ယခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံအနှံ့ COVID-19 ရောဂါ ကူးစက်မှုမြင့်တက်နေခြင်းကြောင့် ပြန်လည်ဝင်ရောက်လာသူများကို ကော့သောင်းမြို့ရှိ Community Based Facility Quarantine Center (၂)ခုတွင် အထူးကြပ်မတ်ကာ Facility Quarantine (၁၄)ရက် အသွားအလာ ကန့်သတ်ထားရှိစောင့်ကြည့်ပြီး ကိုဗစ်၁၉ရောဂါပိုးစစ်ဆေး တွေ့ရှိခြင်း မရှိမှသာ မိမိတို့နေထိုင်ရာ နေရပ်ဒေသအသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ကျော်စိုး(ကော့သောင်း)