ထားဝယ် ဇွန် ၃၀
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်အတွင်းရှိ ကော့သောင်းမြို့ပေါ် ရပ်ကွက်များနှင့် ခမောက်ကြီး မြို့တွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် တနင်္သာရီ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီနှင့် ကိုအောင်နိုင်(ဖိုးသီးချို) ကုမ္ပဏီလီမိတက်တို့အကြား သဘောတူစာချုပ် ချုပ်ဆိုသည့် အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃:၃၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင် က စာချုပ် ချုပ်ဆိုသော ကုမ္ပဏီများအနေဖြင့် စျေးပေါ်နေသော အချိန်တွင် စျေးလျော့ပြီး ဆောင်ရွက်ပေးရန်၊ အဝင်အထွက်ကိစ္စများတွင် စဉ်းစားပြီးလုပ်ဆောင်ကြရန်လိုကြောင်း၊ ပြည်သူများ အားလုံးအတွက် လုံခြုံသော ဘဝမျိုးရအောင် ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ လျှပ်စစ်ဓာတ်အားနှင့် ပတ်သက်၍ ဝိုင်းဝန်းပြီး ကူညီဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဦးခင်မောင်ချို၊ အဖွဲ့ဝင် ဦးခင်မောင်မြင့်နှင့် တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ ဦးအောင်ဇော်ဦးတို့က လျှပ်စစ်ဓာတ်အား ထုတ်လုပ် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရန်အတွက် သဘောတူစာချုပ်တွင် လက်မှတ် ရေးထိုးခဲ့ကြပြီး တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင် က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။