ရန်ကုန် ဇွန် ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၌ ထွက်နှုန်းကောင်းပြီး အဟာရတန်ဖိုး မြင့်မားသည့် တိရစ္ဆာန်အစာပင်မျိုးများကို စိုက်ပျိုးကျွေးမွေးခြင်းဖြင့် မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုး တက်လာစေရန်၊ မွေးမြူရေးလုပ်ငန်းတွင် အစာအတွက် ကုန်ကျစရိတ် လျော့ချနိုင်ပြီး မွေးမြူရေး သမားများ အကျိုးအမြတ် ပိုမိုရရှိစေရန်နှင့် တိရစ္ဆာန်အစာပင် ဈေးကွက် ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကြီးမှူးသည့် Ever Green Green စိုက်ပျိုးမှုဆိုင်ရာ သင်တန်းဖွင့်လှစ်ခြင်းကို ယမန်နေ့ နံနက်(၉)နာရီအချိန်က မင်္ဂလာဒုံမြို့နယ်၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၊ ပျဉ်းမပင် နို့စားနွား မွေးမြူရေး သုတေသနနှင့် သရုပ်ပြခြံတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဖွင့်လှစ်ရာတွင် ရန်ကုန်တိုင်းဒေသကြီး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာ တိုးမင်းထွန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားခဲ့သည်။ အဆိုပါသင်တန်းကို သင်တန်းသား(၂၅)ဦးဖြင့် ကျွမ်းကျင်ပညာရှင်များက ဒေသအလိုက် စိုက်ပျိုးသင့်သည့် မြက်မျိုးများအကြောင်း၊ ရိတ်သိမ်းနည်း၊ မြေပြုပြင်ခြင်း၊ ပေါင်းနှိမ်နင်းခြင်း၊ မြေဩဇာထည့်ခြင်း၊ မျိုးစေ့သိမ်းခြင်း စသည့်တို့ကို စာတွေ့သင်ကြားခဲ့ပြီး သရုပ်ပြခြံရှိ မြေတစ်ဧကပေါ်တွင် လက်တွေ့ စိုက်ပျိုးခဲ့ကြသည်။ သင်တန်းကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်လှစ်ရခြင်းအားဖြင့် အာဟာရတန်ဖိုးမြင့်မားသည့် တိရစ္ဆာန်အစာပင်များ စိုက်ပျိုးခြင်း၊ ဈေးကွက်ဖော်ဆောင်ခြင်းတို့ဖြင့် စိုက်ပျိုးရေးလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းတို့ ချိတ်ဆက်၍ နှစ်ဦးနှစ်ဖက် အကျိုးစီးပွား ကောင်းမွန်စေခြင်း၊ တိရစ္ဆာန် အစာစရိတ် လျော့ကျခြင်း၊ အရည်အသွေး မြင့်မားသည့် တိရစ္ဆာန် ထွက်ကုန်များ တိုးတက်မြင့်မားစွာ ထုတ်လုပ်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
ဇွဲထက်ကို