ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ အမှတ်(၆) အခြေခံပညာအထက်တန်း ကျောင်းနှင့် ညဈေးများအား ယာယီပိတ်ထား

ဇမ္ဗူသီရိ ဇွန် ၃၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၊ ဘောဂသိဒ္ဓိရပ်ကွက်၊ အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း၊ Grade -11၊ အခန်း (A) တွင် တက်ရောက် ပညာသင်ကြားလျက်ရှိသော ကျောင်းသူတစ်ဦးသည် ဇွန်လ (၂၇) ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့သောကြောင့် အဆိုပါ ကျောင်းအား ဇွန် (၂၈) ရက်နေ့မှ ဇူလိုင်လ (၁၁) ရက်နေ့အထိ ယာယီပိတ်ထားမည်ဖြစ်ပြီး အဆိုပါ ကျောင်းတွင် မူလတန်းကျောင်းသား/သူ(၄၃၄) ဦး၊ အလယ်တန်း ကျောင်းသား/ သူ (၃၈၆) ဦးနှင့် အထက်တန်းကျောင်းသား/သူ (၁၆၁) ဦး၊ စုစုပေါင်း (၉၈၁) ဦး တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း၊ ပိုးတွေ့လူနာ ကျောင်းသူသည် တစ်အိမ်တည်း အတူနေ အစ်မဖြစ်သူနှင့် ထိတွေ့ခဲ့သောကြောင့် ရောဂါကူးစက်ရခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ဇေယျသိဒ္ဓိရပ်ကွက်၊ အမှတ် (၅) အခြေခံပညာအထက်တန်း ကျောင်း၊ Grade -8၊ အခန်း (A) တွင် တက်ရောက်ပညာသင်ကြားနေသော ကျောင်းသူတစ်ဦးသည် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့သောကြောင့် အဆိုပါ Grade -8၊ အခန်း (A) တွင် တက်ရောက် ပညာသင်ကြားနေသော ကျောင်းသား/သူ ၂၂ ဦးနှင့် ဆရာ/ဆရာမ (၇) ဦးအား မိမိနေအိမ်တွင် Stay at Home နေထိုင်ပြီး ဇူလိုင် (၅) ရက်နေ့အထိ ကျောင်းတက်ရောက်ခွင့် ခေတ္တပိတ် ထားခဲ့ကြောင်း သိရသည်။

မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု ပိုမိုများပြားလာသည့်အတွက် ရောဂါပျံ့နှံမှု ထိန်းချုပ်နိုင်ရန် လူစည်ကားသည့် သပြေကုန်းဈေးနှင့် မြို့မဈေးတို့တွင် ဖွင့်လှစ်ထားရှိသည့် ညဈေးများအား ခေတ္တပြန်လည်ပိတ်သိမ်းရန်နှင့် ကျန်းမာရေးဦးစီးဌာန၏ ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ ရောဂါကူးစက်ပျံ့နှံ့မှု ထိန်းချုပ်နိုင်ရန်အတွက် နေပြည်တော် စည်ပင် သာယာရေးကော်မတီဈေးများဌာန၏ ညွှန်ကြားချက်ဖြင့် ဇွန်လ ၂၉ ရက် နေ့မှ စတင်၍ ခေတ္တယာယီပိတ်သိမ်းသွားမည်ဖြစ်ကြောင်းကို အဆိုပါဈေးတာဝန်ခံရုံးများရှိ တာဝန်ရှိသူများထံမှ သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)