မြိတ်မြို့ မီးဘေးတားဆီးရေးလုပ်ငန်းအတွက် မီးငြှိမ်းသတ်ရာတွင် ရေအလွယ်တကူရရှိရန် ရေကန်များ အား ကြည့်ရှုစစ်ဆေး

မြိတ် ဇွန် ၃၀

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် မီးဘေးတားဆီးနိုင်ရေးအတွက် မီးလောင်မှုများဖြစ်ပွားလာပါက ရေအလွယ်တကူရရှိပြီး မီးငြှိမ်းသတ်ယာဉ်များ လွယ်ကူလျင်မြန်စွာ မီးငြှိမ်းသတ်နိုင်ရန် ရည်ရွယ်၍ ကလွင်ကျေးရွာ၌ ရေအလွယ်တကူရရှိနိုင်သည့် ရေကန်များအား ယမန်နေ့ နံနက်ပိုင်းက မြိတ်ခရိုင် မီးသတ်ဦးစီးဌာနမှူးနှင့် တပ်ဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

“မီးလောင်မှုဖြစ်ပွားပါက ရေရရှိရေးဟာ အရေးကြီးတော့ ရေရရှိနိုင်တဲ့နေရာတွေကို ထပ်မံတိုးချဲ့ပြီး စစ်ဆေးတာပါ။ ရေရရှိရေးကို နေရာဒေသအနှံ့အပြားမှာ ရှိနေဖို့လိုတယ်။ ရေများများ ရနိုင်တဲ့နေရာတွေ လိုအပ်ပါတယ်။ ဆက်လက်ပြီး ရေရှိနိုင်တဲ့နေရာကို ထပ်မံရှာဖွေ ဆောင်ရွက်သွားမှာဖြစ်ပါတယ်”  ဟု မြိတ်ခရိုင် မီးသတ်ဦးစီးဌာနမှူး ဦးဇော်ဝင်းက ပြောသည်။

ရေရရှိနိုင်တဲ့နေရာအား ကွင်းဆင်းစစ်ဆေးရာတွင် ကလွင်ကျေးရွာ မြို့ပတ်(၂)လမ်းတွင် ဂါလံ(၂၀၀၀၀) ဆံ့ရေကန်တစ်ခု၊ ရှမ်းချောင်းရပ်ကွက်တွင် ဂါလံ(၃၅၀၀၀)ဆံ့ ရေကန်တစ်ခုတို့တွင် အပေါ့စားရေစုပ် စက်ဖြင့် ရေစုပ်စမ်းသပ်ဆောင်ရွက်ရာတွင် အဆင်ပြေမှုရှိကြောင်း၊ မြိတ်မြို့တွင် မီးဘေးတားဆီးရေး လုပ်ငန်းအတွက် သဘာဝရေကန်(၃)ခု၊ ရေကန်(၁၃)ခု၊ ရေစင်(၆)ခုနှင့် ရေခဲစက်များတွင် ရေရရှိနိုင်သည့် နေရာအဖြစ် မီးသတ်ဦးစီးဌာနမှ စာရင်းပြုစုထားရှိကြောင်း  သိရသည်။

ခိုင်ထူး