ပွင့်ဖြူမြို့နယ်အတွင်း ကြိုးဝိုင်းကြိုးပြင် ကာကွယ်တော သတ်မှတ်နိုင်ရေး တာဝန်ရှိသူများအဖွဲ့ ကွင်းဆင်း ကြည့်ရှုစစ်ဆေး

ပွင့်ဖြူ  ဇွန်  ၂၉


မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန်နှင့် ရာသီဥတု အပူဒဏ် ကာကွယ်နိုင်ရေးအတွက် မြို့နယ်သစ်တောဦးစီးဌာနမှ မြောင်ဦးကြိုးဝိုင်း ကြိုးပြင်ကာကွယ်တော ဧက ၃၅၀၀ သတ်မှတ် ဖွဲ့စည်းဆောင်ရွက်နိုင်ရေး  ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင် ဦးဆောင်သော ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့က  မြေပြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။
ယင်းသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင် သည် မြို့နယ်သစ်တောဦးစီးမှူး ဦးအောင်မော် ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသန်းမင်းနိုင် ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မိုးမိုးအေး တို့ လိုက်ပါ၍ ကြိုးဝိုင်း ကြိုးပြင်ကာကွယ်တောသတ်မှတ်မည့် ပုသိမ် - မုံရွာလမ်း မိုင်တိုင်အမှတ် ၂၆၆/၁ အနီးရှိ ဧရိယာအတွင်း ဒေသခံတောင်သူများ သီးနှံစိုက်ပျိုးထားသောမြေ ပါဝင်မှု ရှိ/မရှိ တို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့သည် ပွင့်ဖြူမြို့နယ် ဆင်လူးကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနှင့် ရာသီဥတု အပူဒဏ် ကာကွယ်နိုင်ရေးအတွက် မြို့နယ်သစ်တောဦးစီးဌာနမှ မြောင်ဦးကြိုးဝိုင်းအတွင်း ကြိုးပြင်ကာကွယ်တောဧရိယာ ၃၅၀၀ ဧက သတ်မှတ်ဖွဲ့စည်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ကြိုးပြင်ကာကွယ်တော ဖော်ဆောင်နိုင်ခြင်းဖြင့် ရရှိလာမည့် အကျိုး ကျေးဇူးများအကြောင်းကို ချပြရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ တက်ရောက်လာသည့် ဒေသခံတောင်သူများက ကြိုးဝိုင်းကြိုးပြင်ကာကွယ်တောအတွင်း သီးနှံစိုက်ပျိုး မှုများနှင့် ပတ်သက်ပြီး မေးမြန်းဆွေးနွေးရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် တာဝန်ရှိသူများက ကြိုးဝိုင်းပြင်ပ ကာကွယ်တောအဖြစ် သတ်မှတ်ခြင်းကြောင့် ကြိုးဝိုင်းပြင်ပအတွင်း လယ်ယာစိုက်ပျိုးခြင်းလုပ်ငန်းများအား တောင်သူများ ထိခိုက်နစ်နာမှုမရှိစေရေးအတွက် ကျေးရွာ အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်နှင့်အတူ မြို့နယ်သစ်တောဦးစီးဌာနသို့ တင်ပြ လျှောက်ထား ရမည်ဖြစ်ပြီး အတည်ပြုချက်ရရှိပါက လျှောက်ထားသူအမည်နှင့် လျှောက်ထားဧက အား လုပ်ထုံး လုပ်နည်းများနှင့် အညီ လယ်ယာသီးနှံစိုက်ပျိုးလုပ်ကိုင်ခွင့် ခွင့်ပြုချထားပေးမည်ဖြစ်ကြောင်း ၊ ယင်း သီးနှံစိုက်ပျိုးလုပ်ကိုင်ခွင့်သည် နှစ်(၃၀) လျှင် တစ်ကြိမ်နှုန်း သက်တမ်းတိုးလျှောက်ထား၍ လုပ်ကိုင်ခွင့်ပြု ပေးသွားမည်ဖြစ်ကြောင်း ၊ တစ်နည်းအားဖြင့် သီးနှံ သစ်တော ရောနှောစိုက်ပျိုးရမည်ဖြစ်ကာ အခြား သူအား ပေါင်နှံခြင်း ၊ ရောင်းချခြင်းများ လုပ်ကိုင်၍ မရကြောင်း ၊ သားစဉ်မြေးဆက် လယ်စိုက်ပျိုးရေး လုပ်ငန်းကို စိတ်အေးချမ်းသာစွာ ဆောင်ရွက်လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း ရှင်းလင်း ဖြေကြားပေးခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင် က မြို့နယ်သစ်တောဦးစီး ဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်မည့် ကြိုးပြင်ကာကွယ်တော သတ်မှတ်ခြင်းလုပ်ငန်းသည် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် ဆောင်ရွက်ခြင်းဖြစ်သလို ဒေသခံတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းအား စိတ်အေးချမ်းစွာ လုပ်ကိုင်နိုင်ရေးအတွက် ဆောင်ရွက်ခြင်းဖြစ်၍ ကြိုးပြင် ကာကွယ် တောသတ်မှတ်ခြင်းလုပ်ငန်းအား အောင်မြင်စွာ ဆောင်ရွက် သွားနိုင်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြစေလိုကြောင်း ၊ ထို့အပြင် ကျေးရွာဖွံ့ဖြိုးရေး ကိစ္စရပ်များနှင့် နယ်မြေ တည်ငြိမ်ရေး အေးချမ်းစေရေးအတွက် လိုအပ်သော လုံခြုံရေးကိစ္စရပ်များကို စည်းလုံးညီညွတ်စွာဖြင့် ကြိုးပမ်းဆောင်ရွက် ကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

 ရဲဝင်းနိုင် ( ညောင်ဦး )