ကျောက်မဲမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များကို Take Away ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ပြုတော့မည်

ကျောက်မဲ ဇွန် ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန်အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပပြုလုပ်ရာ  ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီဝင်များ၊ ရပ်မိရပ်ဖများနှင့် ပရဟိတအသင်းမှ  တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျောက်မဲမြို့နယ်အတွင်းတွင် ဇွန် ၂၂ ရက်နေ့မှစ၍ ယနေ့အထိ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ  ၂၀ ဦး ရှိ‌နေပြီဖြစ်ပြီး အဆိုပါ ပိုးတွေ့လူနာများနှင့် ထိတွေ့ဆက်စပ်သူ ၁၀၀ ဦး ဝန်းကျင် ခန့်ရှိလာသည့်အတွက် ကျောက်မဲမြို့နယ် ပြည်သူများအကြား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု နည်းပါးစေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များကို ဇူလိုင် ၅ ရက်နေ့ (တနင်္လာနေ့) မှစ၍  ဆိုင်ထိုင်ရောင်းချခွင့် မပြုတော့ဘဲ Take Away ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ပြုတော့မည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် Stay at Home သတ်မှတ်ထားသည့် လားရှိုးမြို့နယ်သို့ ပြေးဆွဲနေသည့် လားရှိုး-ကျောက်မဲ ခရီးသည်တင်ယာဉ်လိုင်းများကို ခရီးသည်တင်ဆောင်ခွင့် မပြုတော့ဘဲ ကုန်စည် သီးသန့်သာ တင်ဆောင်ပြေးဆွဲခွင့်ပြု‌တော့မည်ဖြစ်ကြောင်း၊  အဆိုပါယာဉ်လိုင်းရှိ ယာဉ်များကိုလည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ၂ ကြိမ်ထိုးနှံပြီးသူများကိုသာ မောင်းနှင်ခွင့်ပြုမည်ဖြစ်ကြောင်း အဆိုပါ အစည်းအဝေး ဆုံးဖြတ်ချက်အရ သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)