မိုင်းဖြတ်မြို့နယ်၊ အင်နန်းခမ်းကျေးရွာ၌ ကုန်းမြင့်လယ်ယာမြေဧက(၆၀)ကျော်ဖော်ဆောင်ပေး

မိုင်းဖြတ် ဇွန် ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကျိုင်းတုံမြို့၊ စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၂)ကုန်းမြင့်ဒေသလယ်ယာမြေဖော်ထုတ်ရေးစီမံကိန်းရုံးမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တောညု ကျေးရွာအုပ်စု၊ အင်နမ့်ခမ်းကျေးရွာအနီးတစ်ဝိုက်တွင် ကုန်းမြင့်လယ်ယာမြေ ဖော်ထုတ်ခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီခွဲအချိန်ခန့်က မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေး ကော်မတီ ဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးညီညီအောင်နှင့် ကော်မတီဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊  ကျိုင်းတုံမြို့၊ စက်မှုလယ်ယာ ဦးဌာန၊ အမှတ်(၂)ကုန်းမြင့်ဒေသလယ်ယာမြေဖော်ထုတ်ရေးစီမံကိန်းရုံးမှ ဦးစီးအရာရှိ ဦးသိန်းဇော်ဝင်း နှင့် တာဝန်ရှိသူများက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် (ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေ) (၆၇ဒဿမ၆၂)သန်းဖြင့် NANTYOUNG (UPPER MOUNTAIN) ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် ကုန်းမြင့်လယ်ယာမြေ ဧက(၆၀)ကျော်ဆောင်ရွက်သည့် အခြေအနေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ယခုအခါ အဆိုပါကုန်းမြင့်လယ်ယာမြေ ဖော်ဆောင်ခြင်းလုပ်ငန်းသည့် ၅၀ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးပြီဖြစ်သည်။ အင်နမ့်ခမ်းကျေးရွာတွင် အင်(အန်)တိုင်းရင်းသားတို့ နေထိုင်သည့် ကျေးရွာဖြစ်ပြီး ကျေးရွာနေအိမ်ခြေ ၃၈ အိမ်၌ လူဦးရေ ၁၅၀ ဦးတို့ နေထိုင်ကြပြီး ရွေ့ပြောင်းတောင်ယာ လုပ်ငန်းကိုသာ အဓိက စိုက်ပျိုးကြသည်။

အဆိုပါလုပ်ငန်း ဆောင်ရွက်ပေးခြင်းမှာ ရွေ့ပြောင်းတောင်ယာစိုက်ပျိုးခြင်းစနစ်ကို လှေကားထစ် လယ်ယာစိုက်ပျိုးခြင်းစနစ်ဖြင့် အစားထိုးရန်၊ ဒေသတွင်းစားနပ်ရိက္ခာဖူလုံပိုလျှံရေးကို အထောက်အကူပြုရန်နှင့် ရွေ့ပြောင်းတောင်ယာစနစ်ဖြင့် ရွေ့ပြောင်းနေထိုင်စိုက်ပျိုးသည့်အခြေအနေမှ အတည်တကျ အခြေချနေထိုင်သည့်ဘဝကို ထူထောင်ပေးရန် စသည့်ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ပေးပြီး  နှစ်စဉ်ကုန်းမြင့် လယ်ယာမြေများ ဖော်ထုတ်နိုင်ခြင်းဖြင့် ဒေသခံတိုင်းရင်းသားများ ဆန်ဖူလုံသွားမည်ဖြစ်ကြောင်း၊ ရွေ့ပြောင်းတောင်ယာစနစ်ကို မှီခိုနေထိုင်သူ ဒေသခံများသည် ကောင်းမွန်စွာ အခြေချနေထိုင်လာပြီး လူနေမှုအဆင့်အတန်း တိုးတက်လာနိုင်သည့် အကျိုး​ကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

 သန်းထွန်းအေး(ပြန်/ဆက်)