ဗန်းမော် ဇွန် ၂၉
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ခရိုင်အမျိုးသမီးကော်မတီအစည်းအဝေးနှင့် GENDER, CEDAW, NSPAW အသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ခရိုင်လူမှုဝန်ထမ်း ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ခရိုင်အမျိုးသမီးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်လွင်က ကော်မတီတွင်ပါဝင်သည့် ဌာနဆိုင်ရာ အသီးသီးနှင့် အရပ်ဘက်လူမှု အဖွဲ့အစည်းတို့က ကော်မတီ၏ လုပ်ငန်းဆောင်သာများကို ထဲထဲဝင်ဝင် သိရှိလိုက်နာ ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ရပ်ကွက်/ကျေးရွာများတွင် သာမက ဌာနဆိုင်ရာ ရုံးများတွင်လည်း အမျိုးသမီးများအနေဖြင့် ကိုယ်နှုတ်အမူအရာဖြင့် နှောက်ယှက်ခံရခြင်းများကို ကာကွယ် လုပ်ဆောင်ပေးရန် လိုအပ်ကြောင်း၊ မိမိတို့၏ အတွေ့အကြုံ ဗဟုသုတများကို မျှဝေပေးသွားကြရန် လိုအပ်ကြောင်း အမှာစကား ပြောကြားခဲ့သည်။
ယင်းနောက် ခရိုင်အမျိုးသမီးကော်မတီအတွင်းရေးမှူး ဒေါ်ဆွေဆွေဝင်းက ခရိုင်အတွင်း အမျိုးသမီးများ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအတွက် ဆောင်ရွက်မှုများ၊ ထောက်ပံ့မှုများနှင့် ပတ်သက်၍ လည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် အမျိုးသမီးများ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအတွက် GENDER, CEDAW, NSPAW တို့ နှင့်ပတ်သက်၍ ပရိုဂျက်တာဖြင့် ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ တက်ရောက်လာသည့် ခရိုင်အမျိုးသမီးကော်မတီဝင်များက မိမိတို့၏ ဌာနအလိုက် ဆောင်ရွက်နေသည့် ကိစ္စရပ်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)