တောင်ဥက္ကလာပ ဇွန်၂၈
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကာကွယ်နိုင်ရန်အတွက် အမှတ်(၁၃) ရပ်ကွက်၊ အောင်မြေလူထုဓမ္မာရုံ၌ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာများနှင့် ထိတွေ့ခဲ့သူများအား စနစ်တကျ ထားရှိနိုင်ရန် Quarantine Centre ပြင်ဆင်ခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် အမှတ်(၁၃)ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ပရဟိတအသင်းအဖွဲ့များ ပူးပေါင်းကာ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာများနှင့် ထိတွေ့ခဲ့သူများ အား စနစ်တကျ ထားရှိရေးအတွက် အမှတ်(၁၃)ရပ်ကွက် အောင်မြေလူထုဓမ္မာရုံ အဆောင်အား သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ပိုးသတ်ဆေး ပက်ဖျန်းခြင်း၊ အိပ်ယာကုတင်များ ပြင်ဆင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခင်ဆွေနှင်း