ဘားအံမြို့ ကော့ရင်းအောက်ကျေးရွာတွင် ၂၀၂၁-ခုနှစ် မိုးရာသီသစ်ပင်စိုက်ပွဲကျင်းပ

ဘားအံ  ဇွန်  ၂၈

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ၂၀၂၁-ခုနှစ် မိုးရာသီသစ်ပင်စိုက်ပွဲကို ယမန်နေ့နံနက် ၈ နာရီခန့်က ကော့ရင်း(အောက်)ကျေးရွာ၊ ကျေးရွာပိုင်(ထင်း)စိုက်ခင်း၌ ကျင်းပသည်။

ရှေးဦးစွာ  ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးက ဥတုရာသီ၊ တောကိုမှီ ဆိုသကဲ့သို့ ရာသီဥတုပြောင်းလဲမှုအား ထိန်းညှိခြင်း၊ သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ခြင်း၊ လေထုအတွင်းမှ ကာဗွန်စုပ်ယူ သိုလှောင်ဖယ်ရှားပေးခြင်း၊ ရေနှင့်လေသန့်စင်မှုလုပ်ငန်းများ၊ မြေတိုက် စားမှုမြေပြိုမှုများမှ ကာကွယ်ခြင်း၊ ဝတ်မှုန်ကူးခြင်း၊ ဇီဝမျိုးစုံမျိုးကွဲကြွယ်ဝစေခြင်း၊ မြေဆီမြေနှစ် အဆင့်ဆင့်ဖြစ်ပေါ်စေခြင်း စသည့်ဝန်ဆောင်မှုလုပ်ငန်းများကို သစ်ပင်၊ သစ်တောများက ပံ့ပိုးပေး လျက်ရှိကြောင်း၊ မိုးရာသီရောက်ပြီဆိုသည်နှင့် စိမ်းလန်းစိုပြေစေဖို့ တစ်နိုင်တစ်ပိုင် တစ်ဦးချင်း၊ တစ်ယောက်ချင်းမှသည် ကျေးရွာအစုအဖွဲ့၊ အစိုးရနှင့်အစိုးရမဟုတ်သော လူမှုအဖွဲ့အစည်းများ၊ ကျောင်းသားကျောင်းသူများ မိုးရာသီလူထုလှုပ်ရှားမှုအနေဖြင့် သစ်ပင်များကို ခြိမ့်ခြိမ့်သဲ အင်တိုက် အားတိုက် စိုက်ပျိုးကြကြောင်း၊ ရှင်အောင် စိုက်ပျိုး၊ ကြီးအောင်ပြုစု၊ မြဲအောင်ထိန်းသိမ်းဟူသော ဆောင်ပုဒ်များနှင့်အညီ တစ်ပင်စိုက် တစ်ပင်ရှင်၊ စိုက်သမျှအပင် ရှင်သန်ဖို့လည်း ကြိုးပမ်းကြရမည် ဖြစ်ကြောင်း၊ နှစ်စဉ်ပျိုးပင် ၄ သိန်းခန့်ကို ပြည်နယ်တစ်ဝန်းစိမ်းလန်းစေဖို့ ပုံစံမျိုးစုံ၊ နည်းလမ်းမျိုးစုံဖြင့် ဝေငှဖြန့်ဖြူးစိုက်ပျိုးလျက်ရှိကြောင်း၊ အပင်ရှင်သန်မှု ရာခိုင်နှုန်းမြင့်မားစေရန် အမြင့် ၂ ပေရှိသော ကျန်းမာကြံ့ခိုင်သော ပျိုးပင်များကိုသာ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူ ကြီးချုပ် ဦးသိန်းကိုကို၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများ၊ ကျောင်းသားကျောင်းသူ၊ ဆရာ၊ ဆရာမများက အမြင့် ၂ ပေနှင့်အထက်ရှိသော ပိတောက်၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ သင်္ကန်း၊ သင်းဝင်၊ မန်ဂျန်ရှား          အစရှိသည့် ပျိုးပင်ပေါင်း ၁၆၂၀ ပင်ကို တပျော်တပါး စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ကြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သစ်ပင်စိုက်ပျိုးနေမှုအား လိုက်လံကြည့်ရှု အားပေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဘုရင့်ညီနောင်ရတနာလိုဏ်ဂူတော် ဆရာတော် ဘဒ္ဒန္တဥူးသောမအား ဖူးမျှော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြကာ ခရီးသွားကဏ္ဍတိုးမြှင့်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ ဇီဝမျိုးစုံ မျိုးကွဲများနှင့်သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေးနှင့် ဒေသဖွံဖြိုးရေးဆိုင်ရာ များကို လျှောက်ထားတင်ပြခဲ့သည်။

ဆက်လက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဒုံသမိတံတား စစ်ဆေးရေးဂိတ်သို့ သွားရောက်ပြီး ခရီးသွားများအား ကျန်းမာရေးစစ်ဆေးမှု ဆောင်ရွက်ပေးနေသည့်အခြေအနေများနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအား ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)