အစိုးရနည်းပညာအထက်တန်းကျောင်း (ဘားအံ)၌ အခြေခံကွန်ပျူတာသင်တန်းနှင့် သံဂဟေဆက်ခြင်း အတတ်ပညာသင်တန်း ဖွင့်လှစ်

ဘားအံ ဇွန် ၂၈

ဒေသတွင်းလူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ နည်းပညာနှင့်သက်မွေးပညာရပ်များ သင်ယူနိုင်မှု အခွင့်အလမ်းများရရှိလာစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာစေပြီး တစ်ဦးချင်းဝင်ငွေ ပိုမိုမြင့်မားလာစေရန်အတွက် ကရင်ပြည်နယ်၊ အစိုးရနည်းပညာအထက်တန်းကျောင်း (ဘားအံ)၌ ယနေ့နံနက် ၉ နာရီခွဲခန့် က ကာလတိုသင်တန်း အပတ်စဉ် (၁/၂၀၂၁)၊ အခြေခံကွန်ပျူတာသင်တန်းနှင့် သံဂဟေဆက်ခြင်း အတတ်ပညာသင်တန်းတို့ကို ဖွင့်လှစ်ပေးခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးစောမြင့်ဦး က အသက်မွေးဝမ်းကျောင်း အတတ်ပညာ တစ်နည်းအားဖြင့် လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရန် အလွန်အရေးကြီးပါကြောင်း၊ မိမိတို့စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် လျှပ်စစ်မီးရရှိရေး၊ သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အရေးကြီးကဏ္ဍရပ်များအနေဖြင့် ဦးစားပေးအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုဖွင့်လှစ်သည့်သင်တန်းကို တက်ရောက်ကြမည့် သင်တန်းသား၊ သင်တန်းသူများအနေဖြင့်လည်း ဂရုတစိုက် စိတ်ဝင်တစားဖြင့် လက်တွေ့ပြန်လည် အသုံးချနိုင်သည်အထိ ကျွမ်းကျင်တတ်မြောက်အောင် သင်ယူကြဖို့ လိုအပ်မည်ဖြစ်ကြောင်း၊ သင်ကြားတက်မြောက်ပြီးသည့် ပညာရပ်များကို မိမိတစ်ဦးတည်းအတွက်သာမက ပတ်ဝန်းကျင်ရှိ ဆွေးမျိုးမိတ်ဆွေများကိုလည်း ပြန်လည်မျှဝေသင်ကြားပေးကြဖို့ လိုအပ်မည်ဖြစ်ကြောင်း၊ သင်တန်း နည်းပြများအနေဖြင့်လည်း ဆရာစားမချန် အိတ်သွန်ဖာမှောက် စေတနာရှေ့ထား၍ သင်ကြားပြသပေးကြရန် တိုက်တွန်းလိုကြောင်း အမှာစကားပြောကြားခဲ့ပြီး အစိုးရနည်းပညာ အထက်တန်းကျောင်း(ဘားအံ) ကျောင်းအုပ်ကြီး ဒေါက်တာ နန်းမိုးမိုးကြည် က ယနေ့ဖွင့်လှစ်သည့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ ကာလတိုသင်တန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

သင်တန်းဖွင့်ပွဲအပြီးတွင် ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်ခဲ့ကြပြီး သင်တန်းခန်းမအတွင်း သင်ထောက်ကူပြုပစ္စည်းများအသုံးပြု၍ သင်ခန်းစာများ လေ့လာသင်ယူနေမှုအခြေအနေများကို ကြည့်ရှု့အားပေးခဲ့ကြသည်။

ယနေ့ဖွင့်လှစ်သည့်သင်တန်းတွင် အခြေခံကွန်ပျူတာသင်တန်း၌ (၂၃)ဦး၊ သံဂဟေဆက်ခြင်း အတတ်ပညာသင်တန်း၌ (၁၂)ဦး တက်ရောက်သင်ကြားလျှက်ရှိပြီး ဇွန်လ ၂၈ ရက်နေ့မှ ဇူလိုင်လ ၂၂ ရက်နေ့ထိ ဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး သင်တန်းပြီးဆုံးအောင် တက်ရောက်သူများကိုသာ Certificate (သင်တန်းဆင်းအောင်လက်မှတ်) ချီးမြှင့်ပေးသွားမည်ဖြစ်ကာ ယခုသင်တန်းများအပြင် အိမ်တွင်းလျှပ်စစ်ဝါယာ သွယ်တန်းခြင်းသင်တန်း၊ ရေမလိုလက်သန့်ဆေးရည်၊ ခေါင်းလျှော်ရည်နှင့် ဘက်စုံသုံးဆပ်ပြရည်ပြုလုပ်ငန်းသင်တန်း၊ အမျိုးသား/အမျိုးသမီး ဆံပင်ညှပ်သင်တန်းနှင့် အခြေခံစက်ချုပ်သင်တန်းများကိုလည်း ဆက်လက်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)