ဘားအံ ဇွန် ၂၈
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကရင် ပြည်နယ် စိုက်ပျိုးရေး ဦးစီးဌာနနှင့် ခိုင်မေတ္တာ ဆန်စက်လုပ်ငန်းရှင် တို့ပူးပေါင်း၍ ၂၀၂၁ ခုနှစ် မိုးစပါး စိုက်ပျိုးသောတောင်သူများအား အကျိုးတူလယ်ယာ စနစ် ( Contract Farming ) ဆောင်ရွက်ခြင်း သဘောတူစာချုပ် ချုပ်ဆိုခြင်းနှင့် စိုက်ပျိုးရေးစရိတ်ချေးငွေ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့က ဘားကပ်ကျေးရွာရှိ ဘားကပ်နည်းပညာ ပြန့်ပွားရေးစင်တာတွင် ပြုလုပ် ခဲ့သည်။
ရှေ့ဦးစွာ ဘားအံခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသက်ဆွေက ( Contract Farming ) လုပ်ငန်းသည် စီးပွားရေးလုပ်ငန်းရှင်များနှင့် တောင်သူများ အကျိုးတူပူးပေါင်းခြင်းဖြစ်၍ နှစ်ဦး နှစ်ဖက်အကျိုးရှိသည့် လုပ်ငန်းဖြစ်ပါကြောင်းနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးဆဲင်ဇခုပ်က ( Contract Farming )လုပ်ငန်းသည် စိုက်ပျိုးရေးစရိတ်အတွက် တပိုင်တစ်နိုင်အဖြစ် အထောက်အကူ ဖြစ်စေခြင်း၊ ထွက်ရှိလာသောစပါးများကိုလည်းအလွယ်တကူ ရောင်းချနိုင်ခြင်း၊ တောင်သူမှ စိုက်ဧက တိုးချဲ့စိုက်ပျိုးနိုင်သဖြင့် ဝင်ငွေတိုးလားခြင်း၊ မျိုးကောင်းမျိုးသန့် ပိုမိုသုံးစွဲလာနိုင်ခြင်း၊ သီးနှံအာမခံ စနစ်ဖြင့်ချိတ်ဆက်ထားသောကြောင့် သဘာဝဘေးအန္တရာယ် ပျက်စီးဆုံးရှုံးမှုများကို သက်ဆိုင်ရာ အာမခံပေါ်လစီအတိုင်း အကာအကွယ် ရရှိနိုင်သည့် အခွင့်အရေးများကို တောင်သူများ မှ ရရှိမည် ဖြစ်၍ အကျိုးကျေးဇူးများစွာ ရရှိပါကြောင်းပြောကြားခဲ့သည်။
ထို့နောက် ကရင်ပြည်နယ် မျိုးစေ့ထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌ ဦးစိုးသိန်းက(Contract Farming ) လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် ခိုင်မေတ္တာ ဆန်စက်လုပ်ငန်းရှင် ဦးအောင်နိုင် ဝင်းက နည်းစနစ်တကျ စိုက်ပျိုးထုတ်လုပ်မှုကြောင့် စပါးအရည်အသွေးကောင်းမွန်သည့်အတွက် ဈေးကွက်တွင် ဈေးကောင်းများရရှိနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် တာဝန်ရှိသူ များက စပါးတစ်ဧကလျှင် ငွေကျပ်(၁၅၀၀၀ဝိ/-)နှုန်းဖြင့် စပါးစိုက်ခင် (၁၀၇)ဧက အတွက် အတိုးမဲ့ စိုက်ပျိုးစရိတ်ချေးငွေ ငွေကျပ် ( ၁၆၀၅၀၀၀ဝိ/-) ကို တောင်သူများထံသို့ ပေးအပ်ခဲ့သည်။
အဆိုပါ ၂၀၂၁ ခုနှစ် မိုးရာသီ ကန်ထရိုက်လယ်ယာစနစ်( Contract Farming ) ဆောင်ရွက်ရန် သဘောတူစာချုပ်ချုပ်ဆိုခြင်းနှင့် စိုက်ပျိုးစရိတ်ချေးငွေပေးအပ်ခြင်း အခမ်းအနားကို ဘားကပ် ကျေးရွာအုပ်စု၊ မြိုင်ကလေးကျေးရွာအုပ်စု၊ ရသေ့ပျံကျေးရွာအုပ်စု၊ ထုံးအိုင်ကျေးရွာအုပ်စု၊ တောင်သူ ကုန်းကျေးရွာအုပ်စု၊ ကော့သင်း ကျေးရွာအုပ်စု၊ ကော့လမု ကျေးရွာအုပ်စုများမှ တောင်သူ (၆၀ ) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)